Thursday, May 30, 2013

နွေရာသီတွင် စားသင့်သော အရည်ရွှမ်းသည့် သစ်သီးများ

နွေရာသီမှာ စားသင့်တဲ့ ဗီတာမင်ဓာတ် ပေါကြွယ်ဝတဲ့ အရည်ရွှမ်း သစ်သီး တွေကို ဖော်ပြ ပေးလိုက် ပါတယ်။
၁။ သင်္ဘောသီး

သင်္ဘောသီးမှာ ပျော့ပျောင်းပြီး ထောပတ်လို အနှစ်သား ပါဝင်ကာ ထုတ်ရ လွယ်တဲ့ အစေ့ ငယ်တွေ ပါဝင် နေပါတယ်။ အလောတော် သင်္ဘောသီး တစ်လုံးဟာ လက်မ ၂၀ လောက်ကြီးပြီး ခုနစ်လက်မလောက် ရှည်ပါတယ်။ သင်္ဘောသီးမှာ ၁၀ကယ်လိုရီ ပါဝင်ပြီး ဗီတာမင်စီ အများအပြား၊ ဖောလိတ်နဲ့ ပိုတက်စီယမ် အများအပြား ပါဝင် နေပါတယ်။ သင်္ဘောသီးမှာ Papain အင်ဒီဇိုင်း ပါဝင်တဲ့အတွက် အသား ဟင်းချက်ရာမှာ ထည့်သုံးရင် နူးအိ လွယ်သလို စားပြီးချိန်မှာလည်း အစာကြေ လွယ်ပါတယ်။


၂။ သရက်သီး

သရက်သီးဟာ အစိမ်း၊ အဝါကနေ အနီရောင် အထိ အရောင် အမျိုးမျိုး ရှိပါတယ်။ သရက် သီးမှာ ဗီတာမင်အေနဲ့ ဗီတာမင်စီ၊ ပိုတက် စီယမ်နဲ့ အမျှင်ဓာတ် ပေါကြွယ်ဝစွာ ပါဝင် နေပါတယ်။ သရက်သီးကို အခွံပါးခွားပြီး အစေ့ကို ဖယ်ထုတ်ကာ စားသုံးနိုင်ပါတယ်။

၃။ စူကာသီး

အနံ့စူးရှပြီး ကြက်ဥ၊ ဘဲဥ ပုံသဏ္ဍာန် လောက်ရှိတဲ့ စူကာသီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်ဓာတ်နဲ့ အမျှင်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။ စူကာသီးကို အဆီနည်း ဒိန်ချဉ်ထဲနဲ့ သစ်သီးသုပ်ထဲ ထည့်စား နိုင်ပါတယ်။

 
၎။ မာလကာသီး

မာလကာသီးရဲ့ အရသာဟာ သစ်တော်သီးနဲ့ ဆင်ပြီး မာလကာသီးဟာ ပျမ်းမျှအားဖြင့် ၂-၄ လက်မ လောက်ရှိပါတယ်။ မာလကာသီးမှာ ဗီတာမင်စီ အများဆုံး ပါဝင်နေပြီး ဗီတာမင်အေ၊ အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဖော့စ်ဖာရပ်စ်လည်း ပါဝင်ပါတယ်။

၅။ စောင်းလျားသီး

ချဉ်တဲ့ အရသာရှိပြီး အရည်ရွှမ်းတဲ့ စောင်းလျားသီးတွေဟာ အရှေ့တောင် အာရှမှာ တွေ့ရပါတယ်။ စောင်းလျားသီး တစ်လုံးလုံးကို သုပ်ပြီးလည်း စားနိုင်ပါတယ်။ စောင်းလျား သီးမှာ ဆီးကျောက် တည်စေတဲ့ Oxalic acid ပါဝင် တာကြောင့် ကျောက်ကပ် ရောဂါသည်တွေ အနေနဲ့ စောင်းလျား သီးကို လုံးဝ မစားသင့်ပါဘူး။

၆။ တလည်းသီး

တလည်းသီးဟာ ပန်းသီး အရွယ်လောက် ရှိပြီး အနီရဲ ရောင်အသီးမှာ ပတ္တမြားလို နီရဲနေတဲ့ အစေ့ တွေနဲ့ ပြည့်နေ တတ်ပါတယ်။ အစေ့တွေဟာ ချိုရဲပြီး အရည်ရွမ်း ပါတယ်။ တလည်းစေ့ကို အဆီနည်း ဒိန်ချဉ်ထဲ ထည့်ပြီး ဒါမှမဟုတ် အချိုပွဲမှာ ထည့်ပြီး စားသုံးနိုင်ပါတယ်။ တလည်းစေ့ ခွက် တစ်ဝက်စာမှာ ၈၀ ကယ်လိုရီ ပါဝင်ပါတယ်။

၇။ ကီဝီသီး

ကီဝီသီး တစ်လုံးဟာ ပျမ်းမျှအားဖြင့် ၇၀ ကယ်လိုရီခန့် ပါဝင်ပြီး ပိုတက်စီယမ်နဲ့ အမျှင်ဓာတ် များစွာ ပါဝင်နေပါတယ်။ ကီဝီသီးမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓာတ်ဟာ လိမ္မော်သီးမှာထက် နှစ်ဆပိုများပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် အောင် ကူညီ အားပေး ပါတယ်။ ကီဝီသီးကို ဖျော်ရည်၊ ယိုအဖြစ် တွေ့ရသလို ဒိန်ချဉ်နဲ့ တွဲပြီးလည်း စားနိုင် ပါတယ်။

သင် ဘယ်လိုလူနဲ့ အတူနေမလဲ

ဒီအပေါ်က သိမ်မွေ့လေးနက်တဲ့ စာစုလေးကို တော်တော်လေးနှစ်သက်မိလို့ ဘလော့ဂ်မှာ မှတ်သားသင့်သော စာစုများဆိုတဲ့ ခေါင်းစဉ်အောက်မှာ တမြတ်တနိုးသိမ်းထားလိုက်ပါတယ်။
တချိန်ထဲမှာပဲ စိတ်ထဲဝင်ရောက်လာတဲ့ အတွေးလေးတွေကို ချရေးထားလိုက်မိပါတော့တယ်။ ဘာရယ်မဟုတ် ကိုယ့်ကိုယ်ကို ပြန်ဆုံးမထားတဲ့ အတွေးလေးတွေကို အမှတ်တရ ချရေးထားတာပဲဖြစ်ပါတယ်။
*************************************************
ကိုယ်ကိုတိုင်က လရောင်နဲ့တူတဲ့လူတွေနဲ့ စိတ်အေးချမ်းသာစွာ နေချင်သလို...
ကိုယ့်ကိုယ်ကိုလည်း လရောင်နဲ့တူတဲ့လူဖြစ်အောင် ကိုယ့်စိတ်နဲ့ကိုယ် စိတ်အေးချမ်းသာစွာ နေတတ်တဲ့သူဖြစ်အောင် သတိနဲ့ဆင်ဆင်ခြင်ခြင် နေတတ်ဖို့လည်းလိုပါလိမ့်မယ်။
 
ကိုယ်ကိုတိုင်က စိတ်ဓာတ်ခိုင်မာရင့်ကျက်ပြီး ပျော်ရွှင်ပေါ့ပါးစွာနေတတ်တဲ့လူတွေနဲ့ ဘ၀ထဲကနေ့ရက်များစွာကို ပျော်ပျော်ပါးပါးဖြတ်သမ်းချင်သလို...
ကိုယ့်ကိုယ်ကိုလည်း တော်ရုံတန်ရုံ စိတ်ထိခိုက်မှုနဲ့ရင်ဆိုင်ကြုံတွေ့ရမယ့်ကိစ္စတွေမှာ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားတတ်ဖို့လည်း လိုပါလိမ့်မယ်။
 
ကိုယ်ကိုတိုင်က ကိုယ်ပိုင်အရည်အချင်းကောင်းတွေနဲ့ပြည့်စုံပြီး မတွေဝေတတ်တဲ့လူတွေနဲ့ ဘ၀ကို ရဲရဲကြီးလျှောက်လှမ်းချင်သလို....
ကိုယ့်ကိုယ်ကိုလည်း ကိုယ်လုပ်နိုင်မယ်လို့ ယူဆတဲ့လုပ်ရပ်မျိုးတွေကို ယုံကြည်မှုအပြည့်နဲ့ နောက်မဆုတ်တန်း လုပ်ရဲတဲ့သူဖြစ်အောင် ကိုယ့်ရဲ့စိတ်ဓာတ်ရော အသိပညာ အရည်အချင်းကိုပါ ပြည့်စုံသထက် ပြည့်စုံလာအောင် ကြိုးစားအားထုတ်တတ်ဖို့ လိုပါလိမ့်မယ်။
 
ကိုယ်ကိုတိုင်က သဘောထားပြည့်ဝတဲ့လူတွေရဲ့ ခွင့်လွတ်နားလည်စိတ်ကို မြင်တွေ့ခွင့်ရသလို...
ကိုယ့်ကိုယ်ကိုလည်း တနေ့တခြား စိတ်နေစိတ်ထား မြင့်မြတ်လာတဲ့သူတစ်ယောက်ဖြစ်အောင် ကိုယ့်ရဲ့စိတ်ဓာတ်အင်အားကို ပြုစုပျိုးထောင်ပေးတတ်ဖို့ လိုပါလိမ့်မယ်။
 
ကိုယ်ကိုတိုင်က အရာရာကို တည်ငြိမ်စွာ ဆုံးဖြတ်နိုင်ဖို့ ရင့်ကျက်တဲ့လူတွေနဲ့ နေချင်သလို...
ကိုယ့်ကိုယ်ကိုလည်း စိတ်နေသဘောထား ရင့်ကျက် တည်ကြည်ဖြောင့်မတ်ပြီး အရေးတကြီးကိစ္စတွေနဲ့ပတ်သက်လို့ လေးလေးနက်နက် တွေးတော ပြောဆိုတတ်သူဖြစ်အောင် လေ့ကျင့်ယူရပါလိမ့်မယ်။
 
အမှန်တိုင်းဝန်ခံရရင် အမြဲတိုင်း ဒီလို စိတ်နေသဘောထားနဲ့နေထိုင်တတ်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါ။ အသက်ကြီးလာတာနဲ့အမျှ ဘ၀ထဲက နေ့ရက်များစွာကို အခုလက်ရှိရေးသားထားသလို ဖြတ်သမ်းနိုင်ခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ။ တကယ်တော့ လူဆိုတာ သူများနဲ့အတူနေရတဲ့ အချိန်က ကိုယ်တစ်ယောက်တည်း ကိုယ့်စိတ်နဲ့ကိုယ် အတူနေရသလောက် ဘယ်လိုနည်းနဲ့မှ မများနိုင်ပါဘူး။ ဒါကြောင့်လည်း ဒီပို့စ်ရဲ့ ခေါင်းစဉ်ကို သင် ဘယ်လိုလူနဲ့ အတူနေမလဲ လို့ပေးလိုက်တာပဲဖြစ်ပါတယ်။

နောက်ဆုံးသစ်ရွက်အကြို မိတ်ဆွေများသို့ တေးသံသာ

လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ခံယူချက် ဒဿန-အပိုင်းအစလေးတွေတော့
ရှိစမြဲပေါ့..။ သို့သော်လည်း ဘ၀ခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ
တသမတ်တည်းရပ်တည်လို့တော့ မရဘူး။ လမ်းဘေးမှာပေါက်နေတဲ့
အထီးကျန်သစ်ပင်ကြီးလို “ငါ..ဘယ်တော့မှ မပြောင်းလဲဘူး”လို့
ကြွေးကြော်နေရင်တော့ တချိန်ချိန်မှာ လူမှုဝန်းကျင်နဲ့ဝေးရာကို
ရောက်သွားနိုင်တယ်။ ။

ငါတို့တတွေ ဘယ်သူ့အတွက်ပဲလုပ်လုပ် စေတနာထားပြီးလုပ်ရမယ်။
စေတနာမပါတဲ့အလုပ်ဟာ ပါရမီမမြောက်ဘူး။ ချစ်တဲ့သူကို ကူညီတာပဲဖြစ်ဖြစ်,
မုန်းတဲ့သူကို ဖေးမတာပဲဖြစ်ဖြစ် အကောင်းဆုံးမပေးနိုင်ရင်
ပေးနိုင်သလောက်လေးနဲ့ ရောင့်ရဲမနေပါနဲ့။ ။ ။

ကိုယ်မကြိုက်တဲ့အရာကို သူတစ်ပါးကို မပေးမိဖို့လိုတယ်။ ဒါ့အပြင်
ဘာမှမထူးခြားလို့ ဥပေက္ခာပြုတာမျိုးလောက်ကတော့ ချီးကျူးခံအဆင့်တောင်
မ၀င်ပါဘူး။ ကိုနှစ်သက်တဲ့အရာကို တခြားသူကိုပေးတဲ့ စွန့်လွှတ်မှုမျိုးကမှ
ဂုဏ်ပြုထိုက်တာလေ..။

ပေးတယ်ဆိုတဲ့နေရာမှာ ရွှေငွေပေးမှရယ်မဟုတ်ဘူး။ ကန္တာရထဲမှာ
ဒုက္ခရောက်နေသူကို ဒေါ်လာတစ်သောင်းပေးလို့ ကူညီရာမရောက်ဘူး။ သူ့အတွက်
တကယ်လိုအပ်နေတဲ့ ရေတစ်ပေါက်မျှဝေမှ စစ်မှန်တဲ့ဒါနဖြစ်တာ။ ။ ။
ဒါန-ရဲ့အကျိုးဆက်အတွက် ကဗ္ဗည်းထိုးဖို့ မလိုအပ်ပါဘူး။
လိုက်လျှောက်ညီထွေရှိတဲ့ ကောင်းမှုကုသိုလ်ပြုရင် လိုက်လျောညီထွေဖြစ်တဲ့
အကျိုးတော့ ခံစားရမှာပဲ…။

ဘ၀မှာ ကိုယ့်ကိုယ်ကို ကောင်းမွန်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်ချင်ရင်
သူတစ်ပါးရဲ့ ခံစားချက်တွေကို ညီတူညီမျှခံစားပေးနိုင်ရမယ်။ တစ်ခါတစ်လေ
ဝေဒနာဆိုတာ ရင်ဖွင့်လိုက်မှ ဖြေသာရာရတာလေ..။ အဲဒီတော့
အားပေးစကားပြောပြီးတော့ နှစ်သိမ့်ပေးရမယ့်အပြင် အကြံပေးစကားနဲ့လည်း
သူ့ကို မြှင့်တင်ပေးနိုင်ရမယ်…။

မြစ်ရဲ့ ဒီဘက်ကမ်းမှာ မီကျောင်းတစ်ကောင်နဲ့လိပ်တစ်ကော

င်ရှိမယ်။
ဟိုဘက်ကမ်းနားမှာလည်း
မိကျောင်းတစ်ကောင်နဲ့လိပ်တစ်ကောင်ရှိမယ်-ဆိုကြပါစို့… ဒီဘက်ကမ်းကလိပ်နဲ့
ဒီဘက်ကမ်းကမိကျောင်း ပေါင်းစပ်မိတ်ဖွဲ့မှာ မဟုတ်ဘူး။ ဒီဘက်ကမ်းက
မိကျောင်းက ဟိုဘက်ကမ်းက မိကျောင်းဆီသွားလိမ့်မယ်။ ဟိုဘက်ကမ်းက လိပ်ကလည်း
ဒီဘက်ကမ်းကလိပ်ဆီ လာလိမ့်မယ်..။ ပြောချင်တာက ကိုယ်နဲ့သဘောတူတဲ့သူကိုပဲ
အပေါင်းအသင်းလုပ်ကြမှာ..။ အဲဒါနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်ဒဿနလေးကတော့-
“စရိုက်မတူ ညီအစ်ကိုချင်း လက်ချင်းဆက်နေခြင်းထက် စရိုက်တူရန်သူနှင့်
လည်ပင်းဖက်နေရခြင်းက ပိုကောင်းတယ်”လို့…။

ပြီးတော့ စကားပြောတဲ့အခါမှာ တော်တော်သတိထားရမယ်၊
ကိုပြောလိုက်တဲ့စကားလေးတစ်ခွန်းက အပြောခံလိုက်ရသူအတွက်
အဓိပ္ပါယ်နှစ်မျိုး ဖြစ်စေမယ်ဆိုရင် ရှောင်နိုင်သလောက် ရှောင်ရမယ်..။
ဘာကြောင့်လဲဆိုတော့---
ပြဿနာအစ ပါးစပ်က၊
ပါးစပ်မှာ-ဓား သတိထား၊
အကျိုးရှိ/မရှိ ၊ ဆင်ခြင်ကြည့်…
အကျိုးရှိမှ- ပြော..၊
ပြောသင့်/မပြောသင့်- ချိန်ခါချင့်
ပြောသင့်ခါမှ- ပြော…လို့ ရှေးလူကြီးတွေ မီးမောင်းထိုးပြခဲ့တဲ့
စကားလုံးတွေကြောင့်ပေါ့။

ကဲ… အဲဒီတော့ ဆင်ခြင်စရာတွေ, လိုက်နာစရာတွေ, မှတ်သားစရာတွေကတော့
တို့ပတ်ဝန်းကျင်မှာ အများကြီးပဲ..။ ဒါပေမယ့် ယူတတ်တဲ့သူပဲ- ရတာလေ..။
သိသူဖော်စား မသိသူကျော်သွား-ဆိုသလိုမျိုးပေါ့..။ ကျော်သွားသူတွေကိုတော့
ထားလိုက်ပါ..။ ကိုယ်ကတော့ ဖော်စားနိုင်တဲ့သူဖြစ်အောင် ကြိုးစားရမယ်။

နောက်ဆုံးတော့ အရာရာကို လွှတ်ချရမှာပါပဲ…။ ဒါကိုလည်း လူတိုင်းသိကြပါတယ်…။
အဲဒီတော့ သေခြင်းတရားဆိုတဲ့ တံခါးဝဆီမရောက်ခင် လောကကြီးအတွက် တစ်ခုခုတော့
ချန်ရစ်ခဲ့နိုင်ရမယ်…။ ဒါကြောင့်မို့ နောက်ဆုံးသစ်ရွက်လေးမကြွေခင်
ဒီလိုစကားလေးတွေကို မိတ်ဆွေတွေဆီ ဧည့်ဝတ်ပြုလိုက်တာပါ….။

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ….

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

ဆရာဟူသည်

 
တပည့်မရှား တပြားမရှိ
ပီတိကိုစား အားရှိပါ၏။
ထိုဆိုရိုးစကား သူပုံထား၍
လျော်ညီကျင့်ဖွယ် ဤငါးသွယ်ကို
မပြတ်လိုက်နာ နာသုံးနာဖြင့်
မေတ္တာရှေ့ထား ဆုံးမပေးသည်
လေးစားရသော ဤမြတ်ဆရာသည်။

မိရင်းဖသဖွယ် သူကျင့်ရွယ်၍
မကောင်းမြစ်တား ကောင်းရာညွှန်လျက်
အောင်မြင်လမ်းဆီ မှန်းဆရည်ပြီး
အတတ်ဟူသမျှ ကုန်သွန်ချလျက်
သင်ကြားမျှဝေ ပြုပြင်ပေးသည်
တုနှိုင်းမမှီသော ဤဂရုဏာသည်။

တပည့်ထွန်းပေါက် သြဇာမြောက်ချိန်
မမျှော်ရည်ရွယ် ခြူးတစ်ပြားရယ်မျှ
ပီတိအပြုံး သူခြယ်မှူန်း၍
ဒါမှငါ့တပည့် တော်လှရဲ့ဟု
ဂုဏ်ယူကြွေးကြော် သူဟစ်အော်သည်
သြော်….
ဆပ်၍မကုန်နိုင်သော ကျေးဇူးရှင်များပေတကား။

မြန်မာ ဟာ မြန်မာပါဘဲ

* အတိတ်ရိုင်းခဲ့သူတွေ မဟုတ်ခဲ့လို့၊

အစိတ်အပိုင်းတစ်ခုလို ရှိခဲ့တာမို့၊

ထုတိမင်္ဂလာ၊ ယ္ခုထိ မြန်မာဆို–မြန်မာဘဲ။
 
* မညီညာ လို့တော့ မပြောလာပါနဲ့၊

  မတူတာ ဘာသာတစ်ခုကလွဲလို့၊

  ဒို့ကိုယ်ထဲကသွေးတွေက၊

  မြန်မာ မြန်မာလို့–ပွက်ပွက်ဆူ။
 
* ဘိုးဘေးဘီဘင်လက်ထက်က၊

သွေးစက်တွေက စကားမပြောလာဘူးဆိုတာ၊

နှစ်ဘဝသာယာတာတွေ ပေးမယ်ဆိုတဲ့၊

ယ္ခု ဘဝရဲ့ ဘာသာရေးတဲ့လား? ။
 
* လောကီဓမ္မတာတွေကို မသိဟန်ဆောင်ပြီး၊

လောဘ တဏာတွေ ဖုန်းနေသူတွေ ကိုဖြင့်၊

မကွယ်မဝှက် တစ်ကယ် အပြတ် ပြောခြင်သပါ့၊

ယ္ခု ထိ ဒို့တွေမှာ–

မြန်မာဟာ–မြန်မာပါဘဲကွယ်။  ။

ဆုံးမစကားရပ်

၁။    MSM  စာစောင် လစဉ် ဖြန့်ချိဝေငှနိုင်ခြင်းကို ကမ္ဘာကသိပါစေ။

၂၊     ကိုယ်ကစပြီး ကောင်းအောင်လုပ်ပြပါ။

၃။     တတ်တိုင်းမဟရဘူး။  ရှိတိုင်းမပြရဘူး။

၎။     သားသမီးတွေကဗဟုသုတအမွေမလိုချင်။  ငွေသာလိုချင်ကြတယ်။

၅။     ကိုယ့်နာမည်ကိုလူတကာသိစေချင်တဲ့အထဲမှာ လူသားတိုင်းဟာ ထိပ်ဆုံးကပါနေတယ်။

၆။     မြို့သေးတာနဲ့ လူမသေးနိုင်ဘူး။  တိုင်းပြည်သေးတာနဲ့ လူမသေးနိုင်ဘူး။

၇။     လူကတိရစ္ဆာန်ထက်သာတယ် ထင်ရင်၊ တိရစ္ဆာန် မအောင့်နိုင်တာကိုလူကအောင့်ပေးရမယ်။

၈။     သတ္တ၀ါကိုစိတ်ကကြီးစိုးတယ်။

          စိတ်ကိုအသိဥာဏ်က ကြီးစိုးတယ်။

          ဗဟုသုတကို စာပေကကြီးစိုးတယ်။  စာပေသည် လူ.မိတ်ဆွေဖြစ်တယ်။

၉။      စာပေများများဖတ်နိုင်မှ ဗဟုသုတနှင့်ပညာရနိုင်မည်။

၁၀။        ဗဟုသုတနှင့်ပညာရနိုင်မှ အသိဥာဏ်များများရနိုင်မည်။

၁၁။        အသိဥာဏ်များများရနိုင်မှ စိတ်ကိုထိန်းချုပ်နိုင်မည်။

Tuesday, May 28, 2013

ရိုးသားခြင်းနှင့် အယောင်ဆောင်ခြင်းများ

 “ကျွန်တော်တို့ ဘယ်လောက်ရိုးသားကြသလဲ” ဟူသော Reader Digest မဂ္ဂဇင်းမှ ပြုလုပ်သောရိုးသားမှု စမ်းသပ်ပွဲတစ်ခုအကြောင်း ဖတ်ဖူးပါသည်။ မတူညီသောနိုင်ငံ အသီးသီးတွင် ပိုက်ဆံအိတ်များ လမ်းပေါ်တွင် ကျပျောက်သလို ဟန်ဆောင်ကာ၊ ပိုက်ဆံအိတ် ကောက်ယူရရှိသူတို့ ဘယ်လောက် ရိုးသားသလဲ စမ်းသပ်ခြင်း ဖြစ်ပါသည်။ ကောက်ရသူတို့သည် ပစ္စည်းပျောက်ဌာနသို့ လာရောက် အပ်နှံသလား။ ဌာနသို့အပ်နှံခြင်းမရှိဘဲ မသိချင်ယောင်ဆောင်ကာ အပျောက်ရှင်းကြသလား စသည် တို့ကို နိုင်ငံအလိုက် ရာခိုင်နှုန်းဖြင့်တွက်၍ စစ်ဆေးကြည့်ကြခြင်း ဖြစ်ပါသည်။
ပစ္စည်းပျောက်ဌာနသို့ လာရောက်အပ်နှံသူတွေကို ဆုပေးခြင်း မလုပ်သလို၊ အပျောက်ရှင်းသွားသူများ အတွက်လည်း အမှုအခင်းတွေ မပြုလုပ်ပါ။ ဆုပေး၊ ဒဏ်ပေးခြင်းများ မပြုလုပ်သောကိစ္စ၊ ကိုယ် တစ်ယောက်ထဲသာ သိသောကိစ္စများတွင် မည်မျှ အကျင့်သီလကို စစ်ဆေးကြည့်ခြင်းဖြစ်ပါသည်။
     ထိုသို့အလားတူဖြစ်ရပ်မျိုးကို A.J Cronin ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ နှစ်လောက (Adventure in two world) တွင်ဖတ်ဖူးပါသည်။ ဆရာကြီး A.J Cronin သည် အထူးကုဆရာဝန် "စာမေးပွဲတွင် နှုတ်ဖြေစာမေးပွဲကို ဖြေရပါသည်။ စာစစ်ဆရာဝန်ကြီးက ဘာကြောင့် ဆရာဝန် အလုပ်ကို ရွေးချယ်ရပါသလဲ" ဟူသော အလွန်ရိုးရှင်းသောမေးခွန်းကို မေးပါသည်။ A.J Cronin က "ဝင်ငွေအသင့်အတင့်ကောင်းမွန်ပြီး သက်တောင့်သက်သာရှိတဲ့ အလုပ်တခုလို့ ထင်လို့ပါ" ဟု ဖြေဆို သောအခါ စာစစ်ဆရာက အအောင် ပေးလိုက်ပါသည်။ စာစစ်သူက "အကယ်၍ မင်းကသာ သူများအသက်ကို ကယ်တင်ချင်လို့၊ မြင့်မြတ်တဲ့အလုပ်ဖြစ်လို့ စတဲ့ ပေါက်ကရ အဖြေတွေဖြေရင် ငါကမင်းကို စာမေးပွဲချလိုက်ဖို့ ဆုံးဖြတ်ပြီးပြီ"
လို့ A.J Cronin ကိုပြောလေသည်။
တချို့သောရုပ်ရှင်၊ဝတ္ထုဇာတ်လမ်းများသည်ဖြစ်နိုင်ခြေအလွန်နည်းသောအဖြစ်အပျက်များကိုချဲ့ကား၍ရေးကြ၊ရိုက်ကြသည်။ဥပမာ…အလွန်ဒုက္ခရောက်ချိန်တွင်ဖခင်အရင်းဟုပြောကာ သူဌေးကြီးတစ်ယောက် ရောက်လာသောဇာတ်လမ်းမျိုးဖြစ်သည်။ တိုင်းပြည်ကို အသက်ပေးပြီးကာကွယ်ချင်လို့ လူတွေရဲ့အသက်ကိုကယ်တင်ချင်လို့ တိုင်းပြည်ရဲ့လမ်း တံတားတွေကို အဆင့်မြှင့်တည်ဆောက်ချင်လို့ ကမ္ဘာပတ်ချင်လို့  စတဲ့ကိုယ်ရွေးချယ်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့ မကြာခဏ ကြားမိ ပါသည်။ ထိုသို့ကြားမိလိုက်တိုင်း ဖြစ်နိုင်ချေ
နည်းသော ရာခိုင်နှုန်းတစ်ခုကို ရိုးသားမှုမရှိပဲ ချဲ့ကားပြောဆိုသည်ဟု ခံစားရပါသည်။ ထိုသို့သောကိစ္စ

များတွင် မှန်ကန်မှုမည်မျှ ရှိသနည်း ကိုစစ်ဆေးခြင်းမှာမိမိ ကိုယ်တိုင်သာဖြစ်၍ မိမိသည်သာ အသိဆုံးဖြစ်ပါသည်။

     ရာထူးအသီးသီးတွင် တိကျစွာ ပြဌာန်းထားသော တာဝန်များရှိသလို၊မိမိ၏ ကိုယ်တိုင်သာရှိသော တာဝန်ယူစိတ်ဖြင့်လုပ်ရသော အလုပ်များရှိရပါမည်။ ဥပမာ…ကျောင်းဆရာတစ်ယောက်အတွက် ကျောင်းသားများကို စာသင်ကြားရခြင်းသည် ပြဌာန်းထားသော အလုပ်ဖြစ်သော်လည်း၊ တတ်မြောက်အောင် နည်းလမ်းမျိုးစုံသုံးကာ စေတနာဖြင့် သင်ကြားခြင်းကတော့ ကိုယ်တိုင်သာသိရှိသောတာဝန်ယူစိတ်ပင်ဖြစ်ပါသည်။
     ရိုးသားစွာဖြင့် မိမိကိုယ်ကို စမ်းစစ်ကြည့်မှသာ မိမိ၏ ရိုးသားမှုကို သိနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့ မိမိ ကိုယ်ကို ဆန်းစစ်ခြင်းကိုရော လုပ်မိကြရဲ့လားဟူသော မေးခွန်းမှာ အဖြေခက်သော မေးခွန်း ဖြစ်သည်။မေးမြန်းကြည့်လိုက်လျှင်လည်း လူ့သဘာဝဆန်စွာ ငါတစ်ယောက်ထဲ မရိုးသားမှုကို လုပ်တာမဟုတ်တာ ဆိုသော အဖြေသာ ပေးမိမည် ဖြစ်သည်။ ဘေးမှ ပတ်ဝန်းကျင်ကလည်း အလှူ မှတ်တမ်းတွင် မည်မျှ လှူဒါန်းသည်ကိုသာ သတိထားပါသည်။ ထိုငွေကြေးများကို မည်သို့ရရှိသည်ကို ဂရုစိုက် မနေခြင်းသည်က ကျွန်တော်တို့၏ အလေ့အထ လိုပင်ဖြစ်ပါသည်။
    တခါတလေတွင် ကံကောင်းလိုက်တာ ဟုချီးကျုးကာ အိမ်ဦးခန်းတွင် နေရာပေးခြင်းတောင် ခံရနိုင်သေးသည်။
    ကျွန်တော်တို့ လူနေမှုတွင် ကြိုတင် ကာကွယ်မှုထက်၊ ဖြစ်ရပ်များဖြစ်ပွားပြီးမှ အရေးယူ ဆောင်ရွက်ရခြင်းသည် အလေ့အထတစ်ခုလို ဖြစ်နေပါပြီ။ ထိုဖြစ်ရပ်များသည် တာဝန်ယူသူ များ၏ ကိုယ်တိုင် တာဝန်သိစိတ်ဖြင့် မတားဆီးသောကြောင့် ဖြစ်ပွါးရခြင်းများ ဖြစ်ပါသည်။
    အလေ့အထဆိုးတစ်ခုကတော့ တာဝန်ဆိုသည့် စကားရပ်ကို မိမိ၏ ပင်ကိုယ်သိစိတ်ဖြင့် ဆောင်ရွက်ရမည့်အစား၊ မိမိ၏ ရာထူးတည်မြဲနေရုံ အပေါ်ယံဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ကိုယ်တိုင် တာဝန်ရှိသူ၏ တာဝန်ယူစိတ်နဲပါးမှု၊ မကျွမ်းကျင်မှုများကြောင့် မလိုအပ်သော ကိစ္စရပ်များဖြစ်ပွားရပါသည်။ ထိုကိစ္စရပ်များကို ကာကွယ်ရန် မြောက်မြားစွာသော စည်းမျဉ်းများကို ထုတ်ပြန်ရပါတော့သည်။
    ထို့ကြောင့် ရိုးသား၍ တာဝန်ယူစိတ် ပြည့်ဝသောစိတ်ဓါတ် ပိုင်ရှင်များကို မွေးထုတ်ပေးနိုင်သော၊ ထိုကဲ့သို့သော လူများကို အလေးထားသော လူ့အဖွဲ့အစည်းရှိမှသာ ကျွန်တော်တို့ လိုအပ်သော ပန်းတိုင်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိမည် ဖြစ်သည်။
 

ရှာဖွေရန်နေရာ