Thursday, May 30, 2013
အမေ့အိမ်
အဲဒီမှာ တံခါးမရှိဘူး
အဲဒီမှာ ဓားမရှိဘူး
အဲဒီမှာ-
သားပြန်လာမယ့် အချိန်ကို မျှော်နေတဲ့
အိပ်မပျော်ခြင်းတွေ ရှိတယ်
အဲဒီမှာ
တစ်မြို့တစ်ရွာဆီ ဖြန့်ကြဲနေတဲ့
မေတ္တာပို့ခြင်းတွေ ရှိတယ်
အဲဒီမှာ
လူတစ်ယောက်ကို ငယ်ရွယ်သွားစေတဲ့
စိတ်ပျိုကိုယ်နု ဆေးတစ်မျိုးရှိတယ်
အဲဒီမှာ
ဝင်ရောက်ခိုနား ပျံထွက်သွားတတ်တဲ့
အစဉ်အလာတွေ ရှိတယ်
အဲဒီမှာ
လမ်းတစ်လမ်းလို ရင့်ကျက်မှုအပြည့်နဲ့
ညွှန်ပြချက်တွေ ရှိတယ်
အဲဒီမှာ
စိတ်ကူးတစ်ခုလုံး ဖြည့်စွမ်းပေးတဲ့
အနစ်နာခံစိတ်တွေရှိတယ်
အဲဒီမှာ
လရောင်နဲ့ဖျော်စပ်ထားတဲ့
ပျော်ရွှင်ခြင်းတွေ ရှိတယ်
အဲဒီမှာ
ဘယ်နေရာမှာမှ မရနိုင်တဲ့
ရင်ခုန်ဆွတ်ပျံ့တဲ့ အငွေ့အသက်တွေရှိတယ်
အဲဒီမှာ
တစ်ယောက်ပြီးတစ်ယောက်
ဘယ်သူသောက်သောက် စိတ်မကောက်တဲ့
ဆံဖြူသွားကျိုး ရေအိုးကလေးရှိတယ်
အဲဒီမှာ
အဲဒီမှာပါ
ဆိုးမိုက် ပေ တေ
ဘယ်လိုပဲ လေလွင့်ခဲ့တဲ့ သားသမီးဖြစ်ပါစေ
တံခါးဟာ ဖွင့်ထားဆဲ
အမေဟာ
အိမ်ရှေ့ လမ်းကို မျှော်ငေးနေဆဲပါ…။
အဲဒီမှာ ဓားမရှိဘူး
အဲဒီမှာ-
သားပြန်လာမယ့် အချိန်ကို မျှော်နေတဲ့
အိပ်မပျော်ခြင်းတွေ ရှိတယ်
အဲဒီမှာ
တစ်မြို့တစ်ရွာဆီ ဖြန့်ကြဲနေတဲ့
မေတ္တာပို့ခြင်းတွေ ရှိတယ်
အဲဒီမှာ
လူတစ်ယောက်ကို ငယ်ရွယ်သွားစေတဲ့
စိတ်ပျိုကိုယ်နု ဆေးတစ်မျိုးရှိတယ်
အဲဒီမှာ
ဝင်ရောက်ခိုနား ပျံထွက်သွားတတ်တဲ့
အစဉ်အလာတွေ ရှိတယ်
အဲဒီမှာ
လမ်းတစ်လမ်းလို ရင့်ကျက်မှုအပြည့်နဲ့
ညွှန်ပြချက်တွေ ရှိတယ်
အဲဒီမှာ
စိတ်ကူးတစ်ခုလုံး ဖြည့်စွမ်းပေးတဲ့
အနစ်နာခံစိတ်တွေရှိတယ်
အဲဒီမှာ
လရောင်နဲ့ဖျော်စပ်ထားတဲ့
ပျော်ရွှင်ခြင်းတွေ ရှိတယ်
အဲဒီမှာ
ဘယ်နေရာမှာမှ မရနိုင်တဲ့
ရင်ခုန်ဆွတ်ပျံ့တဲ့ အငွေ့အသက်တွေရှိတယ်
အဲဒီမှာ
တစ်ယောက်ပြီးတစ်ယောက်
ဘယ်သူသောက်သောက် စိတ်မကောက်တဲ့
ဆံဖြူသွားကျိုး ရေအိုးကလေးရှိတယ်
အဲဒီမှာ
အဲဒီမှာပါ
ဆိုးမိုက် ပေ တေ
ဘယ်လိုပဲ လေလွင့်ခဲ့တဲ့ သားသမီးဖြစ်ပါစေ
တံခါးဟာ ဖွင့်ထားဆဲ
အမေဟာ
အိမ်ရှေ့ လမ်းကို မျှော်ငေးနေဆဲပါ…။
အမေ
သူ့အသက်ငါးနှစ်….
“မေမေ.. မေမေ့စကားကို သားနားထောင်ပါမယ်။ မေမေ မသွားပါနဲ့..”
မူကြိုကျောင်းရဲ့ ကျောင်းပေါက်ဝမှာ မေမေ့ခြေထောက်ကိုဖက်ပြီး သူငိုယိုတောင်းပန်တယ်။ မေမေကထိုင်ချပြီး သူ့ပါးနှစ်ဘက်ကို လက်နှစ်ဘက်နဲ့ ကိုင်လိုက်တယ်။
“ယောက်ျားလေးဆိုတာ မျက်ရည်မကျရဘူး သား… အထဲမှာ သားနဲ့အတူ ဆော့ကစားမယ့် ကိုကိုမမတွေ အများကြီးရှိတယ်။ ပြီးတော့ ဆရာမကလည်း သားကို သီချင်းတွေ အများကြီးသင်ပေးဦးမှာ။ သား သေချာလိုက်ဆိုပြီး မေမေ့ကိုပြန်ဆိုပြနော်။ မေမေရုံးဆင်းတာနဲ့ သားကို လာကြိုမယ်” မေမေ့ပြောစကားကို သူမျက်ရည်သုတ်ပြီး ခေါင်းညိတ်ပြတယ်။
သူ့အသက်ဆယ်နှစ် ….
“မေမေ……”
ကျောင်းပေါက်ဝမှာ မေမေကိုတွေ့တာနဲ့ သူပြေးဖက်တယ်။ မေမေ့ရင်ခွင်ထဲ ဝမ်းသာအားရ သူခေါင်းလေးတိုးဝှေ့တယ်။
“ဖြေနိုင်လား သား?”
အမှတ်ပြည့်ရတဲ့ အဖြေစာရွက်ကို မေမေဆီ သူထိုးပေးတယ်။
“မေမေ့သားက တော်လိုက်တာ… လာ.. မေမေတို့ တစ်ခုခုသွားစားရအောင် သားကို ဂုဏ်ပြုရမယ်”
သူ့အသက် ဆယ့်ငါးနှစ်….
“သား မသွားချင်ဘူး.. သား ကျူရှင်မတက်ချင်ဘူး…ကျူရှင်တက်လည်း အပိုပဲ”
မေမေက စိတ်ဆိုးမာန်ဆိုးနဲ့ အဖြေလွှာစာရွက်ကို ထိုးပြပြီး “သား အမှတ်စာရင်းကို သားကြည့်ပါဦး။ ဘာဖြစ်လို့ မေမေ့စကားကို သားနားမထောင်ရတာလဲ? ဒီလိုပုံစံနဲ့ဆက်သွားရင် တက္ကသိုလ်တက်ရမှာမဟုတ်ဘူး။ သားကို ပညာတတ်စေချင်လို့ မေမေ ပိုက်ဆံအကုန်ခံပြီး ကျောင်းထားတာ၊ တစ်နေကုန် ဂိမ်းကစားဖို့ မဟုတ်ဘူး သား…” သူ တံခါးဆောင့်ပိတ်ပြီး အပြင်ကိုထွက်သွားလိုက်တယ်။ သူ့နောက်ကျောမှာ မေမေ့အသံကပ်ပါလာတယ်။
“သား……. ပြန်လာခဲ့……!!”
သူ့အသက် ၂ဝနှစ်…..
“သား အိမ်မပြန်တော့ဘူး မေမေ.. ဒီည သားသူငယ်ချင်းတွေနဲ့ ပါတီလုပ်မယ်။ အော်.. မေမေကို ပြောရဦးမယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ သားဖြည့်လိုက်ပြီနော်.. ” ရီဝေဝေအသံနဲ့ မေမေဆီ သူ့ဖုန်းဆက်တယ်။
“အိမ်ပြန်လာပြီး ဖြည့်ပါလား သား… မေမေ့ကို တိုင်ပင်ပြီးမှ ဖြည့်ပါလား! မေမေ့ကိုလည်း ဘာမှမတိုင်ပင်ပဲနဲ့ သား ဘာလို့ မေမေ့စကား နားမထောင်ရတာလဲ? သား …ဘာလိုင်းဦးစားပေးလျှောက်ထားသလဲ?”
“ဟာ… မေမေကလည်း စိတ်ရှုပ်လိုက်တာ.. သားကိစ္စ သားသိပါတယ်.. မေမေ ဝင်မပါပါနဲ့..”
မေမေဘက်က ဘာမှမပြောခင် သူဖုန်းအရင်ချပစ်လိုက်တယ်။ ပြီးတော့ ခွက်ကိုကိုင်မြောက်ပြီး အပေါင်းအသင်းဘက်လှည့်လိုက်တယ်။
“သူငယ်ချင်းတို့ရေ.. လာကွာ.. ချီးယားစ်…”
သူ့အသက် ၃ဝနှစ်…..
“အရက်သောက်ဖို့ စိတ်ရှိသေးတာလား?”
သူ့လက်ထဲက ဖန်ခွက်ကို မေမေလုယူပြီး ပြောလိုက်တယ်။
“ဒီမိန်းကလေး မဆိုးပါဘူး.. မေမေ ဘယ်တော့မှ မြေးချီရမလဲ သားရယ်..”
“သူ့ကို သားမကြိုက်ဘူးမေမေ… ဟို ကောင်မလေးနဲ့ စပ်ပေး ဒီကောင်မလေးနဲ့ စပ်ပေး မလုပ်နဲ့တော့မေမေ။ သားကို နေရာလပ်လေးတစ်ခုပေးပါ…”
“မေမေ့စကားကို တစ်ခေါက်လောက် နားထောင်ပေးပါလား သား? မေမေ ပြောမယ်….”
“ဟာ……. သား နားမထောင်ဘူး… ငယ်ငယ်လေးကတည်းက အခုချိန်ထိ မေမေ့စကားကို သားနားထောင်နေခဲ့တာ.. မေမေ ပြောတာတွေ ဘယ်လောက်မှန်လို့လဲ? ဘယ်လောက်မှန်လဲ?”
သူ့အသက် ၄ဝ…..
“ပိုက်ဆံက ဘယ်လောက်မှ မများပါဘူး။ လိုအပ်တာဝယ်ဖို့ မေမေအတွက် သားပိုက်ဆံထည့်ပေးလိုက်တယ်။ ပိုက်ဆံလိုတဲ့အခါ ဖုန်းထပ်ဆက်လိုက်ပေါ့…”
“မေမေ ဘာမှမလိုဘူးသား… နှစ်ကုန်တဲ့အခါ မြေးတွေခေါ်ပြီး အိမ်ပြန်ခဲ့ပါဦး.. သားတို့ကို မေမေလွမ်းလို့ပါ.. ပြီးတော့ သားကို မေမေပြောပြစရာတစ်ခုရှိတယ်…”
“နှစ်ကုန်ရင် ကုမ္ပဏီကလုပ်ငန်းတိုးချဲ့မယ်တဲ့။ သား တော်တော်နဲ့ ပြန်လာဖြစ်မှာ မဟုတ်ဘူး မေမေ… နောက်ကြုံမှ ပြောကြတာပေါ့…” ဖုန်းကို သူအရင်ချပစ်လိုက်တယ်။
သူ့အသက် ၄၁နှစ်…..
စီးကရက်တစ်လိတ်ကို ဖွာရင်း စာတိုက်ကပို့လာခဲ့တဲ့ စာတစ်စောင်ကို သူကြည့်နေမိတယ်။ စာအိတ်ပေါ်မှာ ပေးပို့သူလိပ်စာ မပါဘူး။ စာအိတ်ကို ဖောက်ကြည့်တော့ စာအိတ်ထဲမှာ.... သားအဖြစ် မွေးစားစာချုပ်တစ်စောင်၊ သေဆုံးကြောင်း ဆေးလက်မှတ်တစ်စောင်…. ဆေးလိတ်မီးခိုးငွေ့ကြားမှာ သူ့အမြင်တွေ မှုန်ဝါးသွားခဲ့တယ်။
အုတ်ဂူတစ်ခုရှေ့မှာ သူဒူးထောက်နေမိတာ ဘယ်လောက်ကြာခဲ့မှန်း မသိတော့ဘူး။ သူ့နှလုံးသားတွေ ကွဲအက်မွကြေလို့… ဆို့နင့်တဲ့အသံနဲ့ မေမေကြားနိုင်ဖို့ နောက်ဆုံးစကားတစ်ခွန်း သူပြောလိုက်တယ်။ တမလွန်က မေမေ သူ့အသံကို ကြားနိုင်ပါစေ…
“မေမေ… မေမေ့စကားကို သားနားထောင်ပါတော့မယ်.. မေမေ ထွက်မသွားပါနဲ့…”
နိုင်းနိုင်းစနေ

နွေရာသီတွင် စားသင့်သော အရည်ရွှမ်းသည့် သစ်သီးများ
နွေရာသီမှာ စားသင့်တဲ့ ဗီတာမင်ဓာတ် ပေါကြွယ်ဝတဲ့ အရည်ရွှမ်း သစ်သီး တွေကို ဖော်ပြ ပေးလိုက် ပါတယ်။
၁။ သင်္ဘောသီး
သင်္ဘောသီးမှာ ပျော့ပျောင်းပြီး ထောပတ်လို အနှစ်သား ပါဝင်ကာ ထုတ်ရ လွယ်တဲ့ အစေ့ ငယ်တွေ ပါဝင် နေပါတယ်။ အလောတော် သင်္ဘောသီး တစ်လုံးဟာ လက်မ ၂၀ လောက်ကြီးပြီး ခုနစ်လက်မလောက် ရှည်ပါတယ်။ သင်္ဘောသီးမှာ ၁၀ကယ်လိုရီ ပါဝင်ပြီး ဗီတာမင်စီ အများအပြား၊ ဖောလိတ်နဲ့ ပိုတက်စီယမ် အများအပြား ပါဝင် နေပါတယ်။ သင်္ဘောသီးမှာ Papain အင်ဒီဇိုင်း ပါဝင်တဲ့အတွက် အသား ဟင်းချက်ရာမှာ ထည့်သုံးရင် နူးအိ လွယ်သလို စားပြီးချိန်မှာလည်း အစာကြေ လွယ်ပါတယ်။

၂။ သရက်သီး
သရက်သီးဟာ အစိမ်း၊ အဝါကနေ အနီရောင် အထိ အရောင် အမျိုးမျိုး ရှိပါတယ်။ သရက် သီးမှာ ဗီတာမင်အေနဲ့ ဗီတာမင်စီ၊ ပိုတက် စီယမ်နဲ့ အမျှင်ဓာတ် ပေါကြွယ်ဝစွာ ပါဝင် နေပါတယ်။ သရက်သီးကို အခွံပါးခွားပြီး အစေ့ကို ဖယ်ထုတ်ကာ စားသုံးနိုင်ပါတယ်။
၃။ စူကာသီး
အနံ့စူးရှပြီး ကြက်ဥ၊ ဘဲဥ ပုံသဏ္ဍာန် လောက်ရှိတဲ့ စူကာသီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်ဓာတ်နဲ့ အမျှင်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။ စူကာသီးကို အဆီနည်း ဒိန်ချဉ်ထဲနဲ့ သစ်သီးသုပ်ထဲ ထည့်စား နိုင်ပါတယ်။
၎။ မာလကာသီး
မာလကာသီးရဲ့ အရသာဟာ သစ်တော်သီးနဲ့ ဆင်ပြီး မာလကာသီးဟာ ပျမ်းမျှအားဖြင့် ၂-၄ လက်မ လောက်ရှိပါတယ်။ မာလကာသီးမှာ ဗီတာမင်စီ အများဆုံး ပါဝင်နေပြီး ဗီတာမင်အေ၊ အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဖော့စ်ဖာရပ်စ်လည်း ပါဝင်ပါတယ်။
၅။ စောင်းလျားသီး
ချဉ်တဲ့ အရသာရှိပြီး အရည်ရွှမ်းတဲ့ စောင်းလျားသီးတွေဟာ အရှေ့တောင် အာရှမှာ တွေ့ရပါတယ်။ စောင်းလျားသီး တစ်လုံးလုံးကို သုပ်ပြီးလည်း စားနိုင်ပါတယ်။ စောင်းလျား သီးမှာ ဆီးကျောက် တည်စေတဲ့ Oxalic acid ပါဝင် တာကြောင့် ကျောက်ကပ် ရောဂါသည်တွေ အနေနဲ့ စောင်းလျား သီးကို လုံးဝ မစားသင့်ပါဘူး။
၆။ တလည်းသီး
တလည်းသီးဟာ ပန်းသီး အရွယ်လောက် ရှိပြီး အနီရဲ ရောင်အသီးမှာ ပတ္တမြားလို နီရဲနေတဲ့ အစေ့ တွေနဲ့ ပြည့်နေ တတ်ပါတယ်။ အစေ့တွေဟာ ချိုရဲပြီး အရည်ရွမ်း ပါတယ်။ တလည်းစေ့ကို အဆီနည်း ဒိန်ချဉ်ထဲ ထည့်ပြီး ဒါမှမဟုတ် အချိုပွဲမှာ ထည့်ပြီး စားသုံးနိုင်ပါတယ်။ တလည်းစေ့ ခွက် တစ်ဝက်စာမှာ ၈၀ ကယ်လိုရီ ပါဝင်ပါတယ်။
၇။ ကီဝီသီး
ကီဝီသီး တစ်လုံးဟာ ပျမ်းမျှအားဖြင့် ၇၀ ကယ်လိုရီခန့် ပါဝင်ပြီး ပိုတက်စီယမ်နဲ့ အမျှင်ဓာတ် များစွာ ပါဝင်နေပါတယ်။ ကီဝီသီးမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓာတ်ဟာ လိမ္မော်သီးမှာထက် နှစ်ဆပိုများပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် အောင် ကူညီ အားပေး ပါတယ်။ ကီဝီသီးကို ဖျော်ရည်၊ ယိုအဖြစ် တွေ့ရသလို ဒိန်ချဉ်နဲ့ တွဲပြီးလည်း စားနိုင် ပါတယ်။
သင် ဘယ်လိုလူနဲ့ အတူနေမလဲ
ဒီအပေါ်က သိမ်မွေ့လေးနက်တဲ့ စာစုလေးကို
တော်တော်လေးနှစ်သက်မိလို့ ဘလော့ဂ်မှာ မှတ်သားသင့်သော စာစုများဆိုတဲ့
ခေါင်းစဉ်အောက်မှာ တမြတ်တနိုးသိမ်းထားလိုက်ပါတယ်။
တချိန်ထဲမှာပဲ စိတ်ထဲဝင်ရောက်လာတဲ့ အတွေးလေးတွေကို ချရေးထားလိုက်မိပါတော့တယ်။ ဘာရယ်မဟုတ် ကိုယ့်ကိုယ်ကို ပြန်ဆုံးမထားတဲ့ အတွေးလေးတွေကို အမှတ်တရ ချရေးထားတာပဲဖြစ်ပါတယ်။
*************************************************
ကိုယ်ကိုတိုင်က လရောင်နဲ့တူတဲ့လူတွေနဲ့ စိတ်အေးချမ်းသာစွာ နေချင်သလို...
ကိုယ့်ကိုယ်ကိုလည်း
လရောင်နဲ့တူတဲ့လူဖြစ်အောင် ကိုယ့်စိတ်နဲ့ကိုယ် စိတ်အေးချမ်းသာစွာ
နေတတ်တဲ့သူဖြစ်အောင် သတိနဲ့ဆင်ဆင်ခြင်ခြင် နေတတ်ဖို့လည်းလိုပါလိမ့်မယ်။
ကိုယ်ကိုတိုင်က
စိတ်ဓာတ်ခိုင်မာရင့်ကျက်ပြီး ပျော်ရွှင်ပေါ့ပါးစွာနေတတ်တဲ့လူတွေနဲ့
ဘ၀ထဲကနေ့ရက်များစွာကို ပျော်ပျော်ပါးပါးဖြတ်သမ်းချင်သလို...
ကိုယ့်ကိုယ်ကိုလည်း
တော်ရုံတန်ရုံ စိတ်ထိခိုက်မှုနဲ့ရင်ဆိုင်ကြုံတွေ့ရမယ့်ကိစ္စတွေမှာ
ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားတတ်ဖို့လည်း လိုပါလိမ့်မယ်။
ကိုယ်ကိုတိုင်က ကိုယ်ပိုင်အရည်အချင်းကောင်းတွေနဲ့ပြည့်စုံပြီး မတွေဝေတတ်တဲ့လူတွေနဲ့ ဘ၀ကို ရဲရဲကြီးလျှောက်လှမ်းချင်သလို....
ကိုယ့်ကိုယ်ကိုလည်း
ကိုယ်လုပ်နိုင်မယ်လို့ ယူဆတဲ့လုပ်ရပ်မျိုးတွေကို ယုံကြည်မှုအပြည့်နဲ့
နောက်မဆုတ်တန်း လုပ်ရဲတဲ့သူဖြစ်အောင် ကိုယ့်ရဲ့စိတ်ဓာတ်ရော အသိပညာ
အရည်အချင်းကိုပါ ပြည့်စုံသထက် ပြည့်စုံလာအောင် ကြိုးစားအားထုတ်တတ်ဖို့
လိုပါလိမ့်မယ်။
ကိုယ်ကိုတိုင်က သဘောထားပြည့်ဝတဲ့လူတွေရဲ့ ခွင့်လွတ်နားလည်စိတ်ကို မြင်တွေ့ခွင့်ရသလို...
ကိုယ့်ကိုယ်ကိုလည်း
တနေ့တခြား စိတ်နေစိတ်ထား မြင့်မြတ်လာတဲ့သူတစ်ယောက်ဖြစ်အောင်
ကိုယ့်ရဲ့စိတ်ဓာတ်အင်အားကို ပြုစုပျိုးထောင်ပေးတတ်ဖို့ လိုပါလိမ့်မယ်။
ကိုယ်ကိုတိုင်က အရာရာကို တည်ငြိမ်စွာ ဆုံးဖြတ်နိုင်ဖို့ ရင့်ကျက်တဲ့လူတွေနဲ့ နေချင်သလို...
ကိုယ့်ကိုယ်ကိုလည်း
စိတ်နေသဘောထား ရင့်ကျက် တည်ကြည်ဖြောင့်မတ်ပြီး
အရေးတကြီးကိစ္စတွေနဲ့ပတ်သက်လို့ လေးလေးနက်နက် တွေးတော ပြောဆိုတတ်သူဖြစ်အောင်
လေ့ကျင့်ယူရပါလိမ့်မယ်။
အမှန်တိုင်းဝန်ခံရရင်
အမြဲတိုင်း ဒီလို စိတ်နေသဘောထားနဲ့နေထိုင်တတ်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါ။
အသက်ကြီးလာတာနဲ့အမျှ ဘ၀ထဲက နေ့ရက်များစွာကို အခုလက်ရှိရေးသားထားသလို
ဖြတ်သမ်းနိုင်ခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ။ တကယ်တော့ လူဆိုတာ
သူများနဲ့အတူနေရတဲ့ အချိန်က ကိုယ်တစ်ယောက်တည်း ကိုယ့်စိတ်နဲ့ကိုယ်
အတူနေရသလောက် ဘယ်လိုနည်းနဲ့မှ မများနိုင်ပါဘူး။ ဒါကြောင့်လည်း ဒီပို့စ်ရဲ့
ခေါင်းစဉ်ကို သင် ဘယ်လိုလူနဲ့ အတူနေမလဲ လို့ပေးလိုက်တာပဲဖြစ်ပါတယ်။
နောက်ဆုံးသစ်ရွက်အကြို မိတ်ဆွေများသို့ တေးသံသာ
လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ခံယူချက် ဒဿန-အပိုင်းအစလေးတွေတော့
ရှိစမြဲပေါ့..။ သို့သော်လည်း ဘ၀ခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ
တသမတ်တည်းရပ်တည်လို့တော့ မရဘူး။ လမ်းဘေးမှာပေါက်နေတဲ့
အထီးကျန်သစ်ပင်ကြီးလို “ငါ..ဘယ်တော့မှ မပြောင်းလဲဘူး”လို့
ကြွေးကြော်နေရင်တော့ တချိန်ချိန်မှာ လူမှုဝန်းကျင်နဲ့ဝေးရာကို
ရောက်သွားနိုင်တယ်။ ။
ငါတို့တတွေ ဘယ်သူ့အတွက်ပဲလုပ်လုပ် စေတနာထားပြီးလုပ်ရမယ်။
စေတနာမပါတဲ့အလုပ်ဟာ ပါရမီမမြောက်ဘူး။ ချစ်တဲ့သူကို ကူညီတာပဲဖြစ်ဖြစ်,
မုန်းတဲ့သူကို ဖေးမတာပဲဖြစ်ဖြစ် အကောင်းဆုံးမပေးနိုင်ရင်
ပေးနိုင်သလောက်လေးနဲ့ ရောင့်ရဲမနေပါနဲ့။ ။ ။
ကိုယ်မကြိုက်တဲ့အရာကို သူတစ်ပါးကို မပေးမိဖို့လိုတယ်။ ဒါ့အပြင်
ဘာမှမထူးခြားလို့ ဥပေက္ခာပြုတာမျိုးလောက်ကတော့ ချီးကျူးခံအဆင့်တောင်
မ၀င်ပါဘူး။ ကိုနှစ်သက်တဲ့အရာကို တခြားသူကိုပေးတဲ့ စွန့်လွှတ်မှုမျိုးကမှ
ဂုဏ်ပြုထိုက်တာလေ..။
ပေးတယ်ဆိုတဲ့နေရာမှာ ရွှေငွေပေးမှရယ်မဟုတ်ဘူး။ ကန္တာရထဲမှာ
ဒုက္ခရောက်နေသူကို ဒေါ်လာတစ်သောင်းပေးလို့ ကူညီရာမရောက်ဘူး။ သူ့အတွက်
တကယ်လိုအပ်နေတဲ့ ရေတစ်ပေါက်မျှဝေမှ စစ်မှန်တဲ့ဒါနဖြစ်တာ။ ။ ။
ဒါန-ရဲ့အကျိုးဆက်အတွက် ကဗ္ဗည်းထိုးဖို့ မလိုအပ်ပါဘူး။
လိုက်လျှောက်ညီထွေရှိတဲ့ ကောင်းမှုကုသိုလ်ပြုရင် လိုက်လျောညီထွေဖြစ်တဲ့
အကျိုးတော့ ခံစားရမှာပဲ…။
ဘ၀မှာ ကိုယ့်ကိုယ်ကို ကောင်းမွန်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်ချင်ရင်
သူတစ်ပါးရဲ့ ခံစားချက်တွေကို ညီတူညီမျှခံစားပေးနိုင်ရမယ်။ တစ်ခါတစ်လေ
ဝေဒနာဆိုတာ ရင်ဖွင့်လိုက်မှ ဖြေသာရာရတာလေ..။ အဲဒီတော့
အားပေးစကားပြောပြီးတော့ နှစ်သိမ့်ပေးရမယ့်အပြင် အကြံပေးစကားနဲ့လည်း
သူ့ကို မြှင့်တင်ပေးနိုင်ရမယ်…။
မြစ်ရဲ့ ဒီဘက်ကမ်းမှာ မီကျောင်းတစ်ကောင်နဲ့လိပ်တစ်ကော
င်ရှိမယ်။
ဟိုဘက်ကမ်းနားမှာလည်း
မိကျောင်းတစ်ကောင်နဲ့လိပ်တစ်ကောင်ရှိမယ်-ဆိုကြပါစို့… ဒီဘက်ကမ်းကလိပ်နဲ့
ဒီဘက်ကမ်းကမိကျောင်း ပေါင်းစပ်မိတ်ဖွဲ့မှာ မဟုတ်ဘူး။ ဒီဘက်ကမ်းက
မိကျောင်းက ဟိုဘက်ကမ်းက မိကျောင်းဆီသွားလိမ့်မယ်။ ဟိုဘက်ကမ်းက လိပ်ကလည်း
ဒီဘက်ကမ်းကလိပ်ဆီ လာလိမ့်မယ်..။ ပြောချင်တာက ကိုယ်နဲ့သဘောတူတဲ့သူကိုပဲ
အပေါင်းအသင်းလုပ်ကြမှာ..။ အဲဒါနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်ဒဿနလေးကတော့-
“စရိုက်မတူ ညီအစ်ကိုချင်း လက်ချင်းဆက်နေခြင်းထက် စရိုက်တူရန်သူနှင့်
လည်ပင်းဖက်နေရခြင်းက ပိုကောင်းတယ်”လို့…။
ပြီးတော့ စကားပြောတဲ့အခါမှာ တော်တော်သတိထားရမယ်၊
ကိုပြောလိုက်တဲ့စကားလေးတစ်ခွန်းက အပြောခံလိုက်ရသူအတွက်
အဓိပ္ပါယ်နှစ်မျိုး ဖြစ်စေမယ်ဆိုရင် ရှောင်နိုင်သလောက် ရှောင်ရမယ်..။
ဘာကြောင့်လဲဆိုတော့---
ပြဿနာအစ ပါးစပ်က၊
ပါးစပ်မှာ-ဓား သတိထား၊
အကျိုးရှိ/မရှိ ၊ ဆင်ခြင်ကြည့်…
အကျိုးရှိမှ- ပြော..၊
ပြောသင့်/မပြောသင့်- ချိန်ခါချင့်
ပြောသင့်ခါမှ- ပြော…လို့ ရှေးလူကြီးတွေ မီးမောင်းထိုးပြခဲ့တဲ့
စကားလုံးတွေကြောင့်ပေါ့။
ကဲ… အဲဒီတော့ ဆင်ခြင်စရာတွေ, လိုက်နာစရာတွေ, မှတ်သားစရာတွေကတော့
တို့ပတ်ဝန်းကျင်မှာ အများကြီးပဲ..။ ဒါပေမယ့် ယူတတ်တဲ့သူပဲ- ရတာလေ..။
သိသူဖော်စား မသိသူကျော်သွား-ဆိုသလိုမျိုးပေါ့..။ ကျော်သွားသူတွေကိုတော့
ထားလိုက်ပါ..။ ကိုယ်ကတော့ ဖော်စားနိုင်တဲ့သူဖြစ်အောင် ကြိုးစားရမယ်။
နောက်ဆုံးတော့ အရာရာကို လွှတ်ချရမှာပါပဲ…။ ဒါကိုလည်း လူတိုင်းသိကြပါတယ်…။
အဲဒီတော့ သေခြင်းတရားဆိုတဲ့ တံခါးဝဆီမရောက်ခင် လောကကြီးအတွက် တစ်ခုခုတော့
ချန်ရစ်ခဲ့နိုင်ရမယ်…။ ဒါကြောင့်မို့ နောက်ဆုံးသစ်ရွက်လေးမကြွေခင်
ဒီလိုစကားလေးတွေကို မိတ်ဆွေတွေဆီ ဧည့်ဝတ်ပြုလိုက်တာပါ….။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ….
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

ဆရာဟူသည်
တပည့်မရှား တပြားမရှိ
ပီတိကိုစား အားရှိပါ၏။
ထိုဆိုရိုးစကား သူပုံထား၍
လျော်ညီကျင့်ဖွယ် ဤငါးသွယ်ကို
မပြတ်လိုက်နာ နာသုံးနာဖြင့်
မေတ္တာရှေ့ထား ဆုံးမပေးသည်
လေးစားရသော ဤမြတ်ဆရာသည်။
မိရင်းဖသဖွယ် သူကျင့်ရွယ်၍
မကောင်းမြစ်တား ကောင်းရာညွှန်လျက်
အောင်မြင်လမ်းဆီ မှန်းဆရည်ပြီး
အတတ်ဟူသမျှ ကုန်သွန်ချလျက်
သင်ကြားမျှဝေ ပြုပြင်ပေးသည်
တုနှိုင်းမမှီသော ဤဂရုဏာသည်။
တပည့်ထွန်းပေါက် သြဇာမြောက်ချိန်
မမျှော်ရည်ရွယ် ခြူးတစ်ပြားရယ်မျှ
ပီတိအပြုံး သူခြယ်မှူန်း၍
ဒါမှငါ့တပည့် တော်လှရဲ့ဟု
ဂုဏ်ယူကြွေးကြော် သူဟစ်အော်သည်
သြော်….
ဆပ်၍မကုန်နိုင်သော ကျေးဇူးရှင်များပေတကား။
မြန်မာ ဟာ မြန်မာပါဘဲ
* အတိတ်ရိုင်းခဲ့သူတွေ မဟုတ်ခဲ့လို့၊
အစိတ်အပိုင်းတစ်ခုလို ရှိခဲ့တာမို့၊
ထုတိမင်္ဂလာ၊ ယ္ခုထိ မြန်မာဆို–မြန်မာဘဲ။
အစိတ်အပိုင်းတစ်ခုလို ရှိခဲ့တာမို့၊
ထုတိမင်္ဂလာ၊ ယ္ခုထိ မြန်မာဆို–မြန်မာဘဲ။
* မညီညာ လို့တော့ မပြောလာပါနဲ့၊
မတူတာ ဘာသာတစ်ခုကလွဲလို့၊
ဒို့ကိုယ်ထဲကသွေးတွေက၊
မြန်မာ မြန်မာလို့–ပွက်ပွက်ဆူ။
မတူတာ ဘာသာတစ်ခုကလွဲလို့၊
ဒို့ကိုယ်ထဲကသွေးတွေက၊
မြန်မာ မြန်မာလို့–ပွက်ပွက်ဆူ။
* ဘိုးဘေးဘီဘင်လက်ထက်က၊
သွေးစက်တွေက စကားမပြောလာဘူးဆိုတာ၊
နှစ်ဘဝသာယာတာတွေ ပေးမယ်ဆိုတဲ့၊
ယ္ခု ဘဝရဲ့ ဘာသာရေးတဲ့လား? ။
သွေးစက်တွေက စကားမပြောလာဘူးဆိုတာ၊
နှစ်ဘဝသာယာတာတွေ ပေးမယ်ဆိုတဲ့၊
ယ္ခု ဘဝရဲ့ ဘာသာရေးတဲ့လား? ။
* လောကီဓမ္မတာတွေကို မသိဟန်ဆောင်ပြီး၊
လောဘ တဏာတွေ ဖုန်းနေသူတွေ ကိုဖြင့်၊
မကွယ်မဝှက် တစ်ကယ် အပြတ် ပြောခြင်သပါ့၊
ယ္ခု ထိ ဒို့တွေမှာ–
မြန်မာဟာ–မြန်မာပါဘဲကွယ်။ ။
လောဘ တဏာတွေ ဖုန်းနေသူတွေ ကိုဖြင့်၊
မကွယ်မဝှက် တစ်ကယ် အပြတ် ပြောခြင်သပါ့၊
ယ္ခု ထိ ဒို့တွေမှာ–
မြန်မာဟာ–မြန်မာပါဘဲကွယ်။ ။
ဆုံးမစကားရပ်
၁။ MSM စာစောင် လစဉ် ဖြန့်ချိဝေငှနိုင်ခြင်းကို ကမ္ဘာကသိပါစေ။
၂၊ ကိုယ်ကစပြီး ကောင်းအောင်လုပ်ပြပါ။
၃။ တတ်တိုင်းမဟရဘူး။ ရှိတိုင်းမပြရဘူး။
၎။ သားသမီးတွေကဗဟုသုတအမွေမလိုချင်။ ငွေသာလိုချင်ကြတယ်။
၅။ ကိုယ့်နာမည်ကိုလူတကာသိစေချင်တဲ့အထဲမှာ လူသားတိုင်းဟာ ထိပ်ဆုံးကပါနေတယ်။
၆။ မြို့သေးတာနဲ့ လူမသေးနိုင်ဘူး။ တိုင်းပြည်သေးတာနဲ့ လူမသေးနိုင်ဘူး။
၇။ လူကတိရစ္ဆာန်ထက်သာတယ် ထင်ရင်၊ တိရစ္ဆာန် မအောင့်နိုင်တာကိုလူကအောင့်ပေးရမယ်။
၈။ သတ္တ၀ါကိုစိတ်ကကြီးစိုးတယ်။
စိတ်ကိုအသိဥာဏ်က ကြီးစိုးတယ်။
ဗဟုသုတကို စာပေကကြီးစိုးတယ်။ စာပေသည် လူ.မိတ်ဆွေဖြစ်တယ်။
၉။ စာပေများများဖတ်နိုင်မှ ဗဟုသုတနှင့်ပညာရနိုင်မည်။
၁၀။ ဗဟုသုတနှင့်ပညာရနိုင်မှ အသိဥာဏ်များများရနိုင်မည်။
၁၁။ အသိဥာဏ်များများရနိုင်မှ စိတ်ကိုထိန်းချုပ်နိုင်မည်။
Tuesday, May 28, 2013
ရိုးသားခြင်းနှင့် အယောင်ဆောင်ခြင်းများ
“ကျွန်တော်တို့
ဘယ်လောက်ရိုးသားကြသလဲ” ဟူသော Reader Digest မဂ္ဂဇင်းမှ ပြုလုပ်သောရိုးသားမှု
စမ်းသပ်ပွဲတစ်ခုအကြောင်း ဖတ်ဖူးပါသည်။ မတူညီသောနိုင်ငံ အသီးသီးတွင် ပိုက်ဆံအိတ်များ
လမ်းပေါ်တွင် ကျပျောက်သလို ဟန်ဆောင်ကာ၊ ပိုက်ဆံအိတ် ကောက်ယူရရှိသူတို့
ဘယ်လောက် ရိုးသားသလဲ စမ်းသပ်ခြင်း ဖြစ်ပါသည်။ ကောက်ရသူတို့သည် ပစ္စည်းပျောက်ဌာနသို့
လာရောက် အပ်နှံသလား။ ဌာနသို့အပ်နှံခြင်းမရှိဘဲ မသိချင်ယောင်ဆောင်ကာ
အပျောက်ရှင်းကြသလား စသည် တို့ကို နိုင်ငံအလိုက် ရာခိုင်နှုန်းဖြင့်တွက်၍
စစ်ဆေးကြည့်ကြခြင်း ဖြစ်ပါသည်။
ပစ္စည်းပျောက်ဌာနသို့ လာရောက်အပ်နှံသူတွေကို
ဆုပေးခြင်း မလုပ်သလို၊ အပျောက်ရှင်းသွားသူများ အတွက်လည်း အမှုအခင်းတွေ မပြုလုပ်ပါ။
ဆုပေး၊ ဒဏ်ပေးခြင်းများ မပြုလုပ်သောကိစ္စ၊ ကိုယ် တစ်ယောက်ထဲသာ သိသောကိစ္စများတွင်
မည်မျှ အကျင့်သီလကို စစ်ဆေးကြည့်ခြင်းဖြစ်ပါသည်။
ထိုသို့အလားတူဖြစ်ရပ်မျိုးကို A.J Cronin
၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ နှစ်လောက (Adventure in two world) တွင်ဖတ်ဖူးပါသည်။ ဆရာကြီး
A.J Cronin သည် အထူးကုဆရာဝန် "စာမေးပွဲတွင် နှုတ်ဖြေစာမေးပွဲကို ဖြေရပါသည်။
စာစစ်ဆရာဝန်ကြီးက ဘာကြောင့် ဆရာဝန် အလုပ်ကို ရွေးချယ်ရပါသလဲ" ဟူသော အလွန်ရိုးရှင်းသောမေးခွန်းကို မေးပါသည်။ A.J Cronin က
"ဝင်ငွေအသင့်အတင့်ကောင်းမွန်ပြီး သက်တောင့်သက်သာရှိတဲ့ အလုပ်တခုလို့ ထင်လို့ပါ" ဟု ဖြေဆို သောအခါ
စာစစ်ဆရာက အအောင် ပေးလိုက်ပါသည်။ စာစစ်သူက "အကယ်၍ မင်းကသာ သူများအသက်ကို
ကယ်တင်ချင်လို့၊ မြင့်မြတ်တဲ့အလုပ်ဖြစ်လို့ စတဲ့
ပေါက်ကရ အဖြေတွေဖြေရင် ငါကမင်းကို စာမေးပွဲချလိုက်ဖို့ ဆုံးဖြတ်ပြီးပြီ"
လို့ A.J Cronin ကိုပြောလေသည်။
တချို့သောရုပ်ရှင်၊ဝတ္ထုဇာတ်လမ်းများသည်ဖြစ်နိုင်ခြေအလွန်နည်းသောအဖြစ်အပျက်များကိုချဲ့ကား၍ရေးကြ၊ရိုက်ကြသည်။ဥပမာ…အလွန်ဒုက္ခရောက်ချိန်တွင်ဖခင်အရင်းဟုပြောကာ သူဌေးကြီးတစ်ယောက် ရောက်လာသောဇာတ်လမ်းမျိုးဖြစ်သည်။ တိုင်းပြည်ကို
အသက်ပေးပြီးကာကွယ်ချင်လို့ လူတွေရဲ့အသက်ကိုကယ်တင်ချင်လို့ တိုင်းပြည်ရဲ့လမ်း တံတားတွေကို
အဆင့်မြှင့်တည်ဆောက်ချင်လို့ ကမ္ဘာပတ်ချင်လို့ စတဲ့ကိုယ်ရွေးချယ်တဲ့
အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့ မကြာခဏ ကြားမိ ပါသည်။ ထိုသို့ကြားမိလိုက်တိုင်း
ဖြစ်နိုင်ချေ
နည်းသော ရာခိုင်နှုန်းတစ်ခုကို ရိုးသားမှုမရှိပဲ
ချဲ့ကားပြောဆိုသည်ဟု ခံစားရပါသည်။ ထိုသို့သောကိစ္စ
များတွင် မှန်ကန်မှုမည်မျှ ရှိသနည်း
ကိုစစ်ဆေးခြင်းမှာမိမိ ကိုယ်တိုင်သာဖြစ်၍ မိမိသည်သာ အသိဆုံးဖြစ်ပါသည်။
ရာထူးအသီးသီးတွင် တိကျစွာ ပြဌာန်းထားသော တာဝန်များရှိသလို၊မိမိ၏
ကိုယ်တိုင်သာရှိသော တာဝန်ယူစိတ်ဖြင့်လုပ်ရသော အလုပ်များရှိရပါမည်။ ဥပမာ…ကျောင်းဆရာတစ်ယောက်အတွက်
ကျောင်းသားများကို စာသင်ကြားရခြင်းသည် ပြဌာန်းထားသော အလုပ်ဖြစ်သော်လည်း၊ တတ်မြောက်အောင်
နည်းလမ်းမျိုးစုံသုံးကာ စေတနာဖြင့် သင်ကြားခြင်းကတော့
ကိုယ်တိုင်သာသိရှိသောတာဝန်ယူစိတ်ပင်ဖြစ်ပါသည်။
ရိုးသားစွာဖြင့်
မိမိကိုယ်ကို စမ်းစစ်ကြည့်မှသာ မိမိ၏ ရိုးသားမှုကို
သိနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့ မိမိ ကိုယ်ကို ဆန်းစစ်ခြင်းကိုရော
လုပ်မိကြရဲ့လားဟူသော မေးခွန်းမှာ အဖြေခက်သော မေးခွန်း
ဖြစ်သည်။မေးမြန်းကြည့်လိုက်လျှင်လည်း လူ့သဘာဝဆန်စွာ ငါတစ်ယောက်ထဲ
မရိုးသားမှုကို လုပ်တာမဟုတ်တာ
ဆိုသော အဖြေသာ ပေးမိမည် ဖြစ်သည်။ ဘေးမှ ပတ်ဝန်းကျင်ကလည်း အလှူ မှတ်တမ်းတွင်
မည်မျှ
လှူဒါန်းသည်ကိုသာ သတိထားပါသည်။ ထိုငွေကြေးများကို မည်သို့ရရှိသည်ကို
ဂရုစိုက်
မနေခြင်းသည်က ကျွန်တော်တို့၏ အလေ့အထ လိုပင်ဖြစ်ပါသည်။
တခါတလေတွင်
ကံကောင်းလိုက်တာ ဟုချီးကျုးကာ အိမ်ဦးခန်းတွင် နေရာပေးခြင်းတောင် ခံရနိုင်သေးသည်။
ကျွန်တော်တို့
လူနေမှုတွင် ကြိုတင် ကာကွယ်မှုထက်၊ ဖြစ်ရပ်များဖြစ်ပွားပြီးမှ အရေးယူ
ဆောင်ရွက်ရခြင်းသည် အလေ့အထတစ်ခုလို ဖြစ်နေပါပြီ။ ထိုဖြစ်ရပ်များသည် တာဝန်ယူသူ များ၏
ကိုယ်တိုင် တာဝန်သိစိတ်ဖြင့် မတားဆီးသောကြောင့် ဖြစ်ပွါးရခြင်းများ ဖြစ်ပါသည်။
အလေ့အထဆိုးတစ်ခုကတော့ တာဝန်ဆိုသည့် စကားရပ်ကို မိမိ၏ ပင်ကိုယ်သိစိတ်ဖြင့်
ဆောင်ရွက်ရမည့်အစား၊ မိမိ၏ ရာထူးတည်မြဲနေရုံ အပေါ်ယံဆောင်ရွက်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် ကိုယ်တိုင် တာဝန်ရှိသူ၏ တာဝန်ယူစိတ်နဲပါးမှု၊ မကျွမ်းကျင်မှုများကြောင့်
မလိုအပ်သော ကိစ္စရပ်များဖြစ်ပွားရပါသည်။ ထိုကိစ္စရပ်များကို ကာကွယ်ရန်
မြောက်မြားစွာသော စည်းမျဉ်းများကို ထုတ်ပြန်ရပါတော့သည်။
ထို့ကြောင့် ရိုးသား၍
တာဝန်ယူစိတ် ပြည့်ဝသောစိတ်ဓါတ် ပိုင်ရှင်များကို မွေးထုတ်ပေးနိုင်သော၊ ထိုကဲ့သို့သော
လူများကို အလေးထားသော လူ့အဖွဲ့အစည်းရှိမှသာ ကျွန်တော်တို့ လိုအပ်သော ပန်းတိုင်သို့
မြန်မြန်ဆန်ဆန် ရောက်ရှိမည် ဖြစ်သည်။
♥♥♥ ရင်ဘတ်ထဲက ထွက်လာတဲ့  ကဗျာ တစ်ပုဒ် ♥♥♥
တည်ငြိမ်နေတဲ့ ရေပြင်
မလှုတ်ခတ် ချင်ပါနဲ့ 
သာယာနေတဲ့  ကောင်းကင်
ဖျက်စီး မတိုက်ခတ်ချင်ပါနဲ့ 
ငါစိတ်တွေ ဘောင်ဘင်ခတ်အောင် လှုပ်မနိုးချင်ပါနဲ့ 
အိပ်ပျော်နေတဲ့  ငါ့နှလုံးသား
အပျင်းပြေ ဆော့ကစားဖို့ အတွက်မခေါ်ပါနဲ့ တော့
ကြိုးပျက်နေတဲ့  မဟူရာရောင်မိုးခြိမ်းသံတွေကြား
ပျော်ဝင်အောင် အိပ်စက်နေရလို့ ပါ ♥♥♥♥♥
ကျိန်စာသင့်မနက်ခင်းတွေကို
အရူးတယောက်လို ကြောက်ရွှံ
ပြိုမယောင် မိုးတိမ်တွေကိုခြေစုံကန်နေတဲ့ 
လင်းဆွဲငယ် ဘဝကို ငါနာကြည်းလိုက်တာ
ဘယ်မှာလဲ အချစ်ရဲ့ ပျော်ရွှင်ခြင်း ချိုမြိန်သာယာခြင်း
ငါ့ရင်ကို အဆမတန်ဝေဒနာပေးပြီး တွန်းကန်ကြတယ်
ပန်းနုရောင် နုတ်ခမ်းပိုင်ရှင် ဆံပင်ရှည်ရှည်နဲ့  ကောင်းမလေးရယ်
ငြိမ်သက်မနေနေပါနဲ့  ကျောခိုင်းပြီးမှတော့ ထွက်သွားပါတော့ ♥♥♥♥♥
ကွဲကြေနေတဲ့  ငါ့အသဲတွေကြားက
လှောင်ရယ်သံတွေ စိမ့်ထွက်နေတယ်
လောင်မြိုက်စမ်းပါစေ ငါ့ရင်ကိုသောကမီးလျှံတွေ
နားခိုရာ ရင်မရှိတဲ့  ငါ့ဘဝ ရဲရဲကြီးပြောလိုက်မယ်
ငါဟာအသဲ ကျွမ်းနေတဲ့  လူတယောက်ပါ
တခန်းလုံးပြည့် ဝေဒနာတွေ သိမ်းကျုံးယူငင်ရင်း
မင်းမရှိတဲ့  ကမ္ဘာသစ်တခုမှာ ငါအိပ်စက်ချင်တယ်
ကျောချစရာ နေရာ ရင်ခွင်နွေးနွေးလေး ရှိရင်ပေါ့
ဖြစ်နိုင်မယ်ဆို မျက်ရည်မလွယ်တဲ့ 
လူတယောက်အဖြစ်နဲ့  နေချင်တယ် ♥♥♥♥♥
ဘယ်လိုအထီးကျန် ဆွေးမြေ့မှုကို ငါကြောက်နေရဦးမလဲ
အဆိုးဆုံးဝေဒနာတွေနဲ့  မင်းကိုငါ လွမ်းခဲ့ ပြီးပြီးလေ
ငါ့ရင်ကို ခွဲပြီးလည်း မင်းနင်းလျှောက်ခဲ့ ပြီးပြီး
ချစ်မိတဲ့  ဒီအသည်း အပြစ်ရှိတယ်ဆိုလည်း
အမုန်းရှိလည်းပြေ ဝဋ္ဋ်ကြွေးရှိလည်း ကျေပါစေတော့လေ
ထာဝရ ရှင်သန်နေပါရစေ
မင်းကို မေ့နိုင်တဲ့  လူတယောက်အဖြစ်နဲ့ လေ ♥♥♥♥♥

Sunday, May 26, 2013
အိပ်မက်စရံ
အလွန်ပင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှ၏။
xxxxxx
xxxxxx
xxxxxx
xxxxxx
xxxxxx
xxxxxx
မိန်းမသားတစ်ယောက်၏ မာနနှင့်ဆန္ဒတို့ ပြင်းထန်စွာ လွန်ဆွဲအားပြိုင်ရာမှ ရင်တွင်းပေါက်ကွဲမှုတစ်ခု စတင်ခဲ့ခြင်းဖြစ်လေသည်။ နေရာတို င်းတွင်
ဆန္ဒများလွန်ကဲလွန်းလျှင် လောဘစိတ်နှင့် ပူလောင်ရသကဲ့သို့
မာနကြီးလွန်းလျှင်လည်း ဒေါသစိတ်တို့က လောင်မြိုက်နိုင် တတ်ကြောင်း....။ သူမ
ကောင်းကောင်းကြီး သိခဲ့ရပါပြီ။
ရှားရှားပါးပါး လူသိရှင်ကြား အောင်မြင်မှုတစ်ခုကို
ပွေ့ဖက်ထားလိုသော အပြင်းစားဆန်္ဒနှင့် လူမသိသူမသိ အစော်ကားခံရခြင်းအတွက်
ခံပြင်းလှသော ဒေါသမာနတို့ ဆုံစည်းရာ၌ သူမ၏ စိတ်နှလုံးအစုံမှ
သွေးစက်စက်ယိုကျလာကာ ခံစားမှုနယ်လွန်စိတ်အာရုံများ တစ်စစီလွင့်စင်
သွားတော့သည်။
“ ကိုယ့်လက်ထဲမှာ ဆုပ်ကိုင်မိပြီးသား အခွင့်အရေးတစ်ခုကို လွယ်လွယ်နဲ့ လွှတ်မချနိုင်တော့တာ အပြစ်လားချိုရယ်။
တို့ဘ၀တွေက အပြစ်တင်ချင်သပဆိုရင်လည်း၊ ဖြစ်ချင်ရာဖြစ် ဇွတ်နှစ်ရမယ့်အခြေအနေလေ။
ငါက နင့်လို မာနကြီးတစ်ခွဲသားနဲ့ နောက်ပြန်လှည့်ဖို့ဆိုတာကလည်း လမ်းမရှိတော့ဘူးမိချိုရဲ့။ ငါက ဖောင်ဖျက်ခဲ့ပြီးသား။
ငါ့ကို ခွင့်မလွှတ်ပါနဲ့တော့ဟာ...”
သူမရင်က တစစ်စစ်နာကျင်ရလွန်းသောအခါ နှုတ်ခမ်းသားတွေ အေးခဲစေးကပ်လာတော့၏။
သူငယ်ချင်းကို ပြောချင်နေသောစကားလုံးများက စိတ်ထဲမှာ ပလုံစီနေသော်လည်း နှုတ်ခမ်းများက ဆွံ့အပိတ်ဆို့နေသည်။
“ နှမြောလိုက်တာ... နှမြောလိုက်တာစိမ်းရယ်။ လက်လွှတ်လိုက်ရမယ့်
ငါးစာအကြီးကြီးထက် ငါးမျှားချိတ်မှာ တန်းလန်းပါသွားတော့မယ့်
နင့်ရဲ့စိတ်တွေကို နှမြောတယ်။
အဆိပ်ရည်လူးထားတဲ့ အခွင့်အရေးတစ်ခုကို လွယ်လွယ်နဲ့ လွှတ်မချနိုင်ရင်လည်း ခက်ခက်ခဲခဲ အားတင်းပြီး ကျောခိုင်းရမှာပဲ။
ဖဲမွေ့ရာပေါ်မှာ အဆိပ်သင့်နေမယ့်အစား မီးပင်လယ်ကိုခြေဗလာနဲ့ ဖြတ်ချင်ဖြတ်ရစေဦး။ ဇွဲနဘဲနဲ့ ကူးခပ်သင့်တာပဲ မဟုတ်လား။
သတိဝင်စမ်းပါ။ အသိရှိစမ်းပါသူငယ်ချင်းရယ်။
သူမစိတ်ထဲမှ အပြင်းအထန်အော်ဟစ်နေမိ၏။ အသံမထွက်သော ပေါက်ကွဲမှုမျိုးနှင့်....။
ရွှေရောင်တ၀င်းဝင်းလက်နေသော အနာဂါတ်အိပ်မက်ကို အစာလုပ်ပြီး
ဖုံးအုပ်ထားသည့် အတွင်းပိုင်းက အေးစက်စက်ချွန်မြမြ မြှားချိတ်ထိပ်ဖျားမှာ
ဝိညာဉ်နှုတ်မည့် အဆိပ်တွေလူးထားသည်ဆိုတာ...။ သူငယ်ချင်းမက မသိလေရော့သလား။
သိသိရက်နှင့်ပင် “ ငါ့ဝမ်းပူဆာ မနေသာ ” လေပြီလား။
အမှန်တော့ သူမစိတ်ထဲမှစကားများကို အစောပိုင်းကတည်းက စိမ်းကို
အထပ်ထပ်ပြောခဲ့ပြီးဖြစ်ပါသည်။ သို့ပေမယ့် စိမ်းက နောက်မဆုတ်နိုင်။
ရှေ့သာဆက်တိုးတော့မည်တဲ့။
အခန်းဖော်လေး၏ အကြောင်းပြချက်မျိုးစုံကို သူမကတော့ စာနာသော်လည်း လက်မခံနိုင်ခဲ့ပါ။
နွံထဲ ကျွံဝင်တော့မည့် ခြေလှမ်းတွေကို လက်ပိုက်ကြည့်နေနိုင်လောက်သည့်
ဥပက္ခာနှလုံးသားက သူမလို သူငယ်ချင်းကောင်း ပီသချင်သူထံမှာ
မရှိသင့်ဘူးမဟုတ်လား။
တကယ်ဆို နွံထဲကျွံမည့် ခြေတစ်လှမ်းကို လှမ်းဖို့ရွယ်ခဲ့မိတာကတော့ သူမတို့ သူငယ်ချင်းနှစ်ယောက် အတူတူရယ်ပါ။
အဲသည်တုန်းက နွံမှန်းမသိသေး။ ရွှေရောင်တ၀င်းဝင်းလက်နေသည့် အနာဂါတ်နောက်ကွယ်မှ အဆိပ်လူးမြှားချိတ်တို့က ရုပ်လုံးပေါ်မလာသေး။
သူမတို့လို လန်းဆတ်တက်ကြွသည့်အရွယ် ၀ါသနာရှင်မိန်းကလေးတွေ၏
မျှော်လင့်ချက်များစွာတို့ တိုးဝှေ့ဝဲပျံနေခဲ့သော အခန်းကျယ်ကြီးတစ်ခုထဲမှာ
စိမ်းခက်စိုးနှင့် သံသာချိုဆိုသည့် ပွင့်အာရန်အားယူဆဲ
ဖူးငုံနှစ်ပွင့်သည်လည်း အပြင်းစားဆန်္ဒတစ်စုံကို ပွေ့ပိုက်ကာ
တန်းစီနေခဲ့မိသည်ပေါ့။
အပြင်းစား ဆန္ဒတစ်စုံ...။
ဟုတ်သည်။ ထိုအပြင်းစားဆန္ဒတစ်စုံသည် ခုတော့ လောဘမီးအဖြစ်ပြောင်းလဲကာ စိမ်းကို အလျှံညီးညီးဝါးမြိုပေတော့မည်။
ထိုစဉ်က ချွေးစေးများဖြင့် စေးထန်းနေခဲ့သော စိမ်းလက်ကလေးတွေသည်
သူမ၏လက်ကို မလွှတ်ချင်လွှတ်ချင်နှင့် ဆန့်တငင်ငင် ထားရစ်ကာ စင်မြင့်ထက်မှ
မိုက်ကရိုဖုန်းဆီကို ခပ်တင်းတင်းပြောင်းဆုပ်ခဲ့လေ၏။
စိမ်းအသံလေးက နွဲ့နွဲ့ကလေးနှင့် ချစ်စရာကောင်းသည်။
စိတ်လှုပ်ရှားနေမှန်းသိသာစွာ မိုက်ကရိုဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားေ သာ လက်ကလေးတွေက အကြောထင်းထင်းလေးပင် ပေါ်နေသော်လည်း အသံကတော့ ညင်းညင်းညံ့ညံ့နှင့် တည်ငြိမ်လှ၏။
ဒါဟာ သူလျှောက်ချင်လှသည့် လမ်းဆိုတာကို သေချာပိုင်နိုင်နေသည့် ယုံကြည်မှုမျိုးနှင့်...။
စိမ်းအလှည့်ပြီးတော့ သူမအလှည့်...။
သူမက စိမ်းလောက် တုန်လှုပ်တတ်သူမဟုတ်လေတော့ ဇောချွေးလည်းမပြန်။
လက်ကြောလည်း မတင်း။ ပေါ့ပေါ့ပါးပါး၊ သွက်သွက်လက်လက် ခြေလှမ်းများနှင့်
ခပ်မြူးမြူးအနှစ်ပြည့်ပြည့် အသံအကြားမှာ အားလုံး၏အာရုံများက ငြိမ်သက်ကာ
စူးစိုက်ကျလာ၏။
မှင်တက်သည်ပဲပြောရမည်လား။ ၀င်စားသည်ပဲပြောရမည်လား။ နောက်တော့မှ လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ကျလာတော့သည်။
သူမရင်ထဲမှာတော့ ပီတိလှိုင်းဂယက်များ....။
နဂိုကတည်ငြိမ်နေသောရင်သည် ယခုမှပင် လှုပ်ရှားချင်လာသလိုလို...။
သည်လောက် ချီးမြှောက်မှုလေးကပင် ဒီလောက်မက်မောစရာ ကောင်းလှပါလျှင်...။
သူမတို့ အနာဂါတ်သည် သူမတို့ မျှော်လင့်အိပ်မက်နေသလိုများ ဖြစ်ခဲ့ပါလျှင်....။
အောင်မြင်ကျော်ကြားမှုသည် ငွေကြေးချမ်းသာမှုထက်ပင် သူမတို့လို ၀ါသနာရှင်များအတွက် မက်မောဖွယ် ဆွဲဆောင်နိုင်လှ၏။
နောက်ဆုံးတွင်တော့ လက်ရွေးစင်ငါးယောက်စာရင်း၌ စိမ်းရောသူမပါ ထိပ်ဆုံးမှ ပါဝင်ခွင့်ရခဲ့ပါသည်။
လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါ။ ၀ါသနာရှင် အယောက်ငါးဆယ်ကျော်မှသည် ဇကာတင်နှစ်ဆယ်။ ထိုမှ ဇကာ့ဇကာတင် တစ်ဆယ်။
နောက်ဆုံးမှ လက်ရွေးစင် ငါးယောက်။ ဤသို့ အဆင့်ဆင့်၊ ရင်တဖိုဖို အကြိတ်အနယ်ဖြတ်ကျော်ခဲ့ရပါ၏။
တစ်ဆင့်ထက်တစ်ဆင့် ပြိုင်ပွဲက အကြိတ်အနယ် ကြည့်ကောင်းလာလေ၊ လာအားပေးသည့် ပရိသတ်က ပိုများလာလေ။
တဖြေးဖြေး တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သတင်းပျံ့သွားလေရာ နောက်ဆုံးအဆင့်တွင် ခန်းလုံးပြည့်လျှံ လက်ခုပ်သံများ သောသောညံနေရတော့သည်။
ခုတော့ဖြင့် လောကဓံရှစ်ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော ချီးမွမ်းခံရခြင်းသည်လည်း ကြံ့ကြံ့မခံနိုင်ပါက
ဖြူစင်သောစိတ်ဓါတ်များကို ပျက်စီးဆုံးရှုံးစေတတ်ကြောင်း သူမ မျက်ဝါးဝါးထင်ထင် ကြုံရလေပြီ။
ထိုနေ့က သက်တန့်ရောင်တောက်ပနေသော ကောင်းကင်သည် သူမခြေရင်းသို့ ရုတ်တရက်ကြေမွကာ လွင့်ကျလာခဲ့၏။
“ ကယ်တင်ရှင် ” ဟု ကိုးကွယ်ချင်ခဲ့မိသော အမျိုးသမီးကြီးသည်
သူမ၏ရှေ့မှ သံပုရာရည်ခွက်ထဲသို့ ဘယ်အချိန်ကတည်းက ခုန်ဆင်းသွားမှန်း
မသိခဲ့လိုက်။
အအေးဆိုင်အတွင်းမှ နံရံများသည် ရုပ်ရှင်ထဲမှ အနှေးပြကွက်လို
သံဆူးချွန်များတပ်ဆင်ထားကာ သူမဆီသို့ တရွေ့ရွေ့ တိုးလာနေသလားဟုပင်
ကယောင်ကတမ်းစိတ်တို့က အတိမ်းတိမ်းအပွေပွေ။
“ အန်တီပြောတာ သမီး နားမရှင်းဘူးထင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စပွန်ဆာ..........”
“ ဟိုး... ဟိုး...”
သူမက ဖျတ်ခနဲ အမြန်လက်ကာယမ်းလျက် အမျိုးသမီးကြီး၏ နတ်ဆိုးကျိန်စာကို နောက်တစ်ခေါက် မမန်းမှုတ်နိုင်ရန် ဟန့်တားလိုက်ရ၏။
ဘယ်လောက်များ ယုတ်ညံ့လိုက်သည့် စကားမျိုးပါလိမ့်။
သည်လိုစော်ကားမှုမျိုးသည် တစ်ခေါက်လောက်မျှနှင့်ပင် သိတ်ကို အကျည်းတန်လွန်းလှပြီမဟုတ်လား။
“ ကျွန်မအတွက် စပွန်ဆာမလိုပါဘူးအန်တီ။ နောင်လည်း ဘယ်တော့မှ လိုမှာမဟုတ်ပါဘူး။
အန်တီ့မှာ သမီးမွေးထားရင်တော့ ကျွန်မတို့ထက်
မငယ်လောက်ဘူးထင်ပါတယ်။ မိန်းမပျိုလေးတစ်ယောက်အတွက် ဘယ်လိုအကူအညီမျိုးဟာ
ဝေဒနာဖြစ်နိုင်မယ်ဆိုတာ အန်တီသိသင့်တယ်လို့ ထင်တာပဲ...”
သူမရင်ထဲမှ အမှန်တကယ် ပေါက်ကွဲမှုနှုန်းအောက် စိတ်ကိုလျှော့ချကာ
ပြောခဲ့သည်ဆိုသော်လည်း သိတ်တော့ဖြင့် ယဉ်ကျေးဖွယ်ရာအသံမျိုး
ထွက်နိုင်ခဲ့မည်မထင်ပါ။
အမှန်လည်း ယဉ်ကျေးမှုရှိသယောင် ဆောင်ကာ ရွှေမှုန်ကျဲထားသော နောက်ချေးပုံထဲမှ နောက်ချေးပိုးထိုးတစ်ကောင်၏ရှေ့ တွင် သူမကရော အဘယ်မျှလောက် မွန်ရည်နိုင်ပါမည်နည်း။
အလစ်အငိုက်မိကာ ပြုတ်ကျသွားသော မင်းသမီးမျက်နှာဖုံးစွပ်ကို
ကမန်းကတမ်းကောက်စွပ်ကာ ဘီလူးမကြီးကတော့ ဘယ်လိုဆိုင်းမျိုးနှင့်
တပ်ပြန်ခေါက်သွားမှန်းပင် မသိလိုက်ပါ။
သူမရင်တွင်းမှာတော့ တစ်လောကလုံး အမှောင်တိုက်တွင်းသို့ ပြိုဆင်းနေခဲ့သည်မှာ အချိန်ကာလမဲ့မတတ်။
မှာယူထားသော စားသောက်ဖွယ်ရာများကို တစ်စက်မျှ မတို့ထိခဲ့ရသော်လည်း
ပြည့်ကျပ်တစ်ဆို့နေသော ရင်ခွင်ကိုပိုက်ကာ သူမ အဆောင်ကိုပြန်ရောက်လာတော့
အခန်းလေးထဲ၌ အမှောင်ထုပင်ကြီးစိုးနေခဲ့ပြီ။
ရောက်ရောက်ချင်း စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ
မျက်နှာထားခက်ထန်စွာနှင့် အိပ်ရာပေါ်တွင်ထောင်ထားသော ဂစ်တာကို ကောက်ကိုင်ကာ
ဂစ်တာကြိုးများပေါ်သို့သာ အညှိုးတကြီး ပြေးလွှားပေါက်ကွဲနေသော
သူမ၏လက်ချောင်းများကို စိမ်းက အကဲခတ်သလိုကြည့်နေခဲ့လေသည်။
“ အနုပညာတစ်ခုအပေါ် ငါတို့ရဲ့ရူးသွပ်ခုံမင်ခြင်းအတွ က် ရလဒ်က အစော်ကားခံရဖို့တဲ့လား။ ရက်စက်လိုက်ကြတဲ့ လူတွေကွာ။ အသည်းနှလုံးမှ ရှိကြသေးရဲ့လား....”
ဂစ်တာ၏ပေါက်ကွဲသံထက် မလျော့သော သူမ၏ရင်ကွဲသံက
အဆောင်ခန်းကျဉ်းလေးထဲမှ ဖိတ်အန်ကျကာ၊ ကော်ရစ်တာတစ်လျှောက်
ပျံ့နှံ့သွားပုံရ၏။ ဘေးခန်းမှထွက်ကြည့်သူကြည့်၊ အဆောင်ဘေးလမ်းကြားမှ
လှည့်ကြည့်သူကြည့်နှင့်...။ တီးတိုး ဝေဖန်ကုန်ကြသည်။
“ စိတ်လျှော့ပါချိုရယ်။ မြေနိမ့်ရာကိုမှ လှံစိုက်ချင်ကြတဲ့
ဒီလောကကြီးထဲမှာ စိုက်လာတဲ့လှံကိုသာ အမိအရဆွဲပြီး ပြန်ထနိုင်အောင်
အမြင့်ကိုတက်ဖို့ ကြိုးစားရအောင်ပါ။ ဒါဟာ တို့အတွက် စိန်ခေါ်မှုတစ်ခုပါ။
စိမ်းကတော့ စိန်ခေါ်ရင် ဘွာမခတ်စတမ်းပဲ...”
ဘုရားရေ...။ စိမ်းပြောလိုက်သည့်စကားက တစ်မျိုးကြီးပါလား။
စိမ်းမျက်နှာကို ထိတ်လန့်တကြားကြည့်လိုက်တော့ စိမ်း၏မျက်လုံးထဲတွင်
အန္တရာယ်အငွေ့အသက်တစ်စုံတစ်ရာကို သူမက ခဏချင်းမှာပင် ရှာတွေ့သွားခဲ့၏။
ရင်ထဲမှဒဏ်ရာကို လက်နှင့်လည်ချောင်းပေါင်းကာ ဖောက်ခွဲနေမိသော
သူမ၏လက်မောင်းကို စိမ်းက ခပ်ဖွဖွလာဆုပ်ကိုင်တော့
စိတ်ထဲမှာကျဉ်ကနဲဖြစ်သွားရလေသည် ။
ပြိုင်ပွဲစသည့်နေ့က သူမကို အားကိုးတကြီး
တင်းတင်းဆုပ်ကိုင်ထားခဲ့သော စိမ်း၏လက်ကလေးတွေသည် ခုတော့ ချွေးစေးတွေက
ခြောက်သွေ့သွားခဲ့ပြီလား။
“ အို.. ဒါဖြင့် နင့်ကိုလည်း သူတို့ မျှားခဲ့ပြီးပြီပေါ့...”
သူမ၏ ကယောင်ကတမ်းအမေး...။ စိမ်း၏ ခပ်လေးလေး ခေါင်းအညိတ်...။
သူမရင်ကိုထက်ခြမ်းခွဲကာ စိတ်ဓါတ်အင်အားများအားလုံး
မတ်မတ်ရပ်တည်မနေနိုင်လောက်အောင် နောက်ပြန်လဲကျသွားစေတော့သည်။
ရင်ကွဲပက်လက်မှ ချေမွခံလိုက်ရသော အိပ်မက်တစ်စုံပင် အဆစ်ပါလိုက်သေး၏။
“ နင့်အတွေးတွေမှားနေပြီ စိမ်း။ မြေနိမ့်ရာကိုမှ လှံစိုက်တာမျိုးကို
နောက်တစ်ခါ အစိုက်မခံရအောင် နိမ့်နေတဲ့မြေကိုသာ ဖို့ပြီး မြှင့်ပစ်ရမှာလေ။
စိုက်လာတဲ့လှံကို အမိအရဆွဲဖမ်းပြီး အားယူထလိုက်မယ်ဆိုရင် လှံသွားက
နင့်ရင်ဝထဲကို ပိုစိုက်ဝင်ပြီး သွေးချင်းချင်းရဲသွားမှာပေါ့ စိမ်းရဲ့...”
သူမက ဘယ်လိုပင်ကြိုးစား၍ နားလည်အောင်ပြောပြော စိမ်းပုံစံက နောက်ဆုတ်တော့မည့်ဟန် မပေါ်ပါ။
သူမ ဘယ်တုန်းကမှ တွေးထင်မထားခဲ့သော ပျော့ညံ့ညံ့မိန်းကလေးတစ်ယောက်၏ တလွဲမာနသည် အင်မတန်မှ ခေါင်းမာနေခဲ့လေသည်။
အမှန်တော့ မာနဆိုသည်ထက် ရုန်းမထွက်နိုင်သည့် အမှန်ဘ၀၏ ဆန္ဒများက ပိုဆိုးနေခဲ့ခြင်းဖြစ်လိမ့်မည် ထင်သည်။
“ ချိုရယ်... ရပြီးသားအခွင့်အရေးကို ငါမှ အဆုံးရှုံးမခံနိုင်တော့ဘဲ။
ငါ့အဖြစ်က ရှေ့တိုးလည်း တံပိုး၊ နောက်ဆုတ်လည်း လှည်းရိုးပါဟယ်။
သူတို့ပေးထားတဲ့ စရံငွေငါးသောင်းကိုလည်း ရွာက အမေ့ဆီ မောင်နဲ့ညီမအတွက်
ကျောင်းစရိတ်ဆိုပြီး ပို့ပြီးခဲ့ပြီ။ ပွဲနေ့ကျရင် ထပ်ပေးမယ့်
တစ်သိန်းခွဲကိုလည်း ပို့ပေးဦးမယ်လို့ အမေ့ကိုပြောလိုက်တော့
အကြွေးတွေဆပ်နိုင်ပြီလို့ ပြောရှာတဲ့ မုဆိုးမကြီးရဲ့
ဝမ်းသာဝမ်းနည်းသံကြီးကို ငါဘယ်လို ဥပက္ခာပြုရက်နိုင်မလဲ။
တို့တွေအဆင့်နဲ့ရော လေးညဖျော်ဖြေရုံနဲ့ နှစ်သိန်းဆိုတဲ့ငွေကို
ဘယ်လိုသွားရှာရမလဲ။ နင့်ဆုံးဖြတ်ချက်ကိုတော့ ငါလည်း အားကျပါရဲ့။
နင့်ကိုလည်း ငါ့လမ်းအတိုင်းလိုက်လျှောက်ဖို့ ငါ ဘယ်တော့မှ တိုက်တွန်းမှာ
မဟုတ်ဘူးချို။
ဆင်းရဲကြတာခြင်းတူပေမယ့် နင်က မိစုံဖစုံ။ ဒီနွံက ရုန်းနိုင်လောက်တဲ့ ခွန်အားရှိသေးတယ်။ ငါ့မှာက....”
ပြောနေရင်း တိမ်ဝင်တိုးသက်သွားသော စိမ်းအသံက သူမရင်ကို ထုတ်ချင်းခတ်စိုက်ဝင်သွား၏။
“ ငါ ဆုံးဖြတ်ချက် ချပြီးပြီချို။ ငါ့မောင်တွေညီမတွေအတွက် ငါ့ဘ၀ကို စတေးတော့မယ်လို့...။
ရွှံ့ဗွက်ဗလပွလမ်းမှာ ငါ့ခန္ဓာနဲ့ တံတားခင်းပေးလိုက်မှ
သူတို့ကလေးတွေ မျက်စေ့ပိတ်နားပိတ်နေတဲ့ ဘ၀ကနေ ကမ္ဘာကြီးနဲ့ ဆက်သွယ်နိုင်မယ့်
ကတ္တရာလမ်းပေါ်ကို ရောက်လာနိုင်မှာ။ ငါ့ကိုငါ စတေးလိုက်ရင်
ငါ့တစ်ဘ၀ပေါ့ချိုရယ်။
ငါ့တံတားပေါ်ကနေ မောင်ညီမသုံးယောက်နဲ့ ငါ့အမေ။ အဲဒီကတစ်ဆင့် သူတို့မျိုးဆက်တွေ...။ ငါတို့ရွာသားတွေ...”
စိမ်း၏ သူရဲကောင်းပုံပြင်ကို သူမ ဆက်နားထောင်ရန် ခွန်အားမရှိတော့ပါ။
စိမ်း၏ဘ၀အခြေအနေကို အတွင်းကျကျအသိဆုံးကလည်း သူမပေပဲမို့
အလွန်အားငယ်ကြောက်ရွံ့တတ်သော သူငယ်ချင်းမလေးက သည်လိုဆုံးဖြတ်ချက်မျိုးချရန်
ဘယ်လောက်အားတင်းခဲ့ရမလဲဆိုတာ သူမ စာနာနိုင်ပါလေ၏။
သွေးမတော်သားမစပ်၊ တစ်နယ်စီဆိုသော်လည်း ဘ၀ကို
သမရိုးကျအခြေအနေတစ်ခုမှ ရုန်းထွက်လိုသည့် ဆန္ဒချင်းတူခဲ့သော
သူမတို့နှစ်ယောက်သည် ဤအဆောင်အမိုးအောက်တွင် ရေစက်ဆုံကတည်းက ညီအစ်မအရင်းတမျှ
ချစ်ခင်တွယ်တာခဲ့ကြသည်။
ကြုံရာကျရာ အလုပ်ကလေးတွေမှာ စရိတ်ကာမိရုံ၊ ၀မ်းမီးကလေး
ငြိမ်းနိုင်ရုံ၊ ရုန်းကန်လှုပ်ရှားနေကြရင်း တူညီသော ၀ါသနာလေးကြောင့်
ဖက်ရှင်ရှိုးတစ်ခုအတွက် အဆိုပြိုင်ပွဲကို အတူတူဝင်ပြိုင်ခဲ့ကြ၏။
လူကြောက်တတ်သော စိမ်းကို စင်ပေါ်တက်ရန် အားအမျိုးမျိုးပေးခဲ့ရသော
သူမက ခုတော့ သူငယ်ချင်းကို စင်ပေါ်မှဆင်းလာစေဖို့
ဘယ်လိုဖျောင်းဖျရမည်မသိတော့။
သည်လိုစင်မျိုးပေါ်ကိုတော့ စိမ်းကို မတက်စေချင်ပါ။ စိမ်းမှသာမဟုတ်။ ဘယ်မိန်းကလေးကိုမှလည်း မတက်စေချင်ပါ။
မျှော်လင့်ထားပြီးသား ကိစ်္စဆိုသော်လည်း ထိုအရာက မိမိအတွက်အရှုံးဖြစ်နေသောအခါ မည်သူကများ ပြုံးပျော်နိုင်ပါမည်နည်း။
“ အခုလုပ်မဲ့ ဖက်ရှင်ရှိုးက တော်တော်လေး ခမ်းနားကြီးကျယ်တာမို့
နာမည်ကျော်အဆိုတော်တွေကိုပဲ သုံးဖို့ ကုပ္မဏီက စီစဉ်လိုက်လို့တဲ့။
ပြိုင်ပွဲမှာ ရွေးထားတဲ့သူတွေကို လူစုံအောင် အလှည့်မပေးနိုင်တော့ဘူးတဲ့...”
“ ဒါနဲ့ နေပါဦး။ အရွေးခံထားရတဲ့ ငါးယောက်စလုံးကို ပေးမဆိုတော့တာလား။ ကျွန်မတစ်ယောက်တည်းကို ပယ်တာလား...”
“ အဲဒါတော့ ကျွန်တော်လည်း မသိဘူးခင်ဗျ။ အန်တီလှိုင်ပြောခိုင်းတာကို လာပြောရတာပါ..”
“ လောလောဆယ် ဒီအဆောင်မှာ လာပြောရမှာက ကျွန်မတစ်ယောက်တည်းလား...”
“ ဟုတ်တယ်ဗျ။ ဒီအဆောင်မှာ အစ်မတစ်ယောက်ကိုပဲ ပြောခိုင်းတာ...”
ဒီလောက် အရိပ်ပြရင်တော့ သူမကလည်း အကောင်မြင်တတ်ပါပြီ။
စိမ်းရောသူမပါရှိသည့် ဒီအဆောင်မှာ အမျိုးသမီးကြီး၏ စပွန်ဆာဆက်သွယ်ပေးမှုကို ငြင်းဆန်လိုက်သည်က သူမတစ်ယောက်သာပဲ ရှိသည်ကိုး။
ဒါဖြင့် သူတို့အစီအစဉ်ကို ငြင်းပယ်သူအား သူတို့ကလည်း ဖယ်ထုတ်ပြီပေါ့။
မဖြစ်နိုင်မှန်းသိသော်လည်း အားလုံးကိုဖယ်ထုတ်ရလေ၊ မိန်းကလေးများ၏ အနာဂါတ်အတွက် ပိုကောင်းလေဟု သူမ တွေးနေဖြစ်၏။
သို့ပေမယ့် သူမလို ကျော်ကြားမှုကို စွန့်လွှတ်နိုင်မည့်သူ၊
မက်လုံးပေးမှုများစွာကို ကျောခိုင်းနိုင်မည့်သူ၊ မိန်းကလေးထဲက
ဘယ်နှယောက်များရှိမှာပါလိမ့်။
စပွန်ဆာပေးမည့်သူသည် အသက်ကြီးကြီး၊ အရုပ်ဆိုးဆိုး၊
ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူနှင့်အတူနေရမည့် တိုက်ခန်း၊
သူနှင့်ဆက်သွယ်ရန် ဖုန်း၊ သူ့ဆီက သဘောကျရင်ကျသလို ပေးကမ်းလာမည့်
လက်ဆောင်ပစ်္စည်းများ၊ စီးတော်ယာဉ် မော်တော်ကားများကိုပါ
အရုပ်ဆိုးအကျည်းတန်သည်ဟု သိမြင်နိုင်လာဖို့ မိန်းကလေးအားလုံးကို
အသိဥာဏ်ပြည့်စုံစေချင်လှသည်။
“ စရံငါးသောင်းကို အခု ပြန်ပေးလိုက်ရမှာလား...”
“ အော်.. ဒါကိုတော့ ဘာမှမပြောလိုက်ဘူးဗျ။ စရံဆိုတာ
အလုပ်မဖြစ်တော့ရင် သူတို့ဘက်က စဖျက်တာမို့ ထုံးစံအတိုင်းဆိုရင်တော့
ပြန်ပေးစရာမလိုတော့ပါဘူး...”
ထိုသူပြောကာမှ စရံပြန်ပေးစရာ ငွေမကျန်တော့သည်ကို အကြောင်းပြချက်ပေးခဲ့သော စိမ်းမျက်နှာလေးကို ဖျတ်ခနဲ မြင်ယောင်သွားရ၏။
စိမ်းက အဆိုပြိုင်ပွဲတွင် အရွေးခံရ၍ စရံငါးသောင်းရလာကတည်းက
အဆင်မပြေလှသည့် လုပ်လက်စအလုပ်ကို ချက်ချင်းထွက်ပစ်ခဲ့သူ...။ ဒါကြောင့်လည်း
ဖောင်ဖျက်ခဲ့ပြီဟု နောက်ကြောင်းပြန်မလှည့်ချင်ခဲ့။
စီးရီးထုတ်ပေးမည်ဆိုသော အပြောမှာလည်းအမျောကြီးမျောနေသူ. .။
အန်တီကြီး၏ ကယ်တင်ရှင်ယောင်ယောင် ဟန်ဆောင်အပြုံးအောက်မှာ အမှန်မမြင်နိုင်လောက်အောင် လောဘအမှောင် ဖုံးနေသူ...။
အမှန်တကယ်လည်း သည်လိုမျိုးလမ်းကြောင်းမှ တက်သွားသူတွေက
ရှိခဲ့သည်ပဲကိုး။ ခုလိုအကြံအဖန် ငခုံးမတစ်ကောင်ကြောင့် သူမတို့ချစ်သော
အနုပညာလောကမှာ အပုပ်နံ့ထွက်ရသည်မှာ အသည်းနာစရာကောင်းလှသည်။
တကယ်တော့ မောင်လေး၊ ညီမလေးတို့အတွက် အနာဂတ်မျှော်လင့်ချက်သည်
စိမ်း၏ အပြင်းစားဆန်္ဒအဖြစ်မှ လောဘအသွင် ပြောင်းသွားခြင်းဖြစ်လိမ့်မည် ထင်၏။
သူမကတော့ သေတ္တာထဲတွင် တစ်ရွက်မလျော့ သိမ်းထားဆဲဖြစ်သော
မသုံးဖြစ်သေးသည့် စရံငွေလေးတွေက စပွန်ဆာ ကမ်းလှမ်းမှုကို ငြင်းချက်ထုတ်ဖို့
ခွန်အားများဖြစ်ခဲ့သည်လားမသိ။
ဒါဖြင့် စရံပြန်ပေးစရာမလိုတော့လျှင် စိမ်းအနေဖြင့် ငြင်းလို့ရသွားပြီပေါ့။
ရုတ်တရက် သူမ လှိုက်ကနဲ ၀မ်းသာသွားသော်လည်း ပျော်ရွှင်မှုက
ကြာကြာမခံပါ။ စိမ်းကို အချည်နှောင်ခံနေရသည့် စရံက တစ်ခုတည်းမှ မဟုတ်ဘဲ။
စရံဆိုသည်က လက်ခံသူဘက်က ပျက်ကွက်ခြင်းမဟုတ်လျှင်
လျော်စရာမလိုသော်လည်း လက်ခံယူထားသူက စတင်ငြင်းဆို ပျက်ကွက်ပါက စရံ၏နှစ်ဆ
ပြန်လျော်ပေးရသည်ဟု သူမကြားဖူးခဲ့သည်လေ။
သူမက အန်တီကြီး၏ စပွန်ဆာလက်ဆောင်ကိုသာ ငြင်းဆိုခဲ့သော်လည်း
သီချင်းဆိုမည့်အစီိအစဉ်ကို စဖျက်ခဲ့သူ မဟုတ်။ သည်တော့ စရံပြန်ပေးရန် မလို။
သို့သော် သူမ၏ စိတ်ကူးအိပ်မက်ထဲတွင် နှလုံးသားနှင့်
စရံသတ်ထားပြီးသော ရွှေရောင်အနာဂတ်ကို သူမကမငြင်းဆန်ပါဘဲနှင့် သူတို့က
စတင်ဖျက်ပစ်ခဲ့သည်လေ။ ဒါဖြင့် စရံနှစ်ဆ အလျော်ရရန် သူမ
မည်သူ့ဆီကတောင်းရမည်နည်း။
ခုနက နတ်ဆိုးမကြီး၏ တမန်တော်ကို ဖျတ်ခနဲသတိရသွားသည့်အခိုက်မှာေ တာ့
သေတ္တာထဲမှ စရံငွေကိုကိုင်ကြည့်ရင်း မသတီလှသော သည်လိုငွေမျိုးကို
မာနကြီးကြီးဖြင့် ပြန်ပေးလိုက်ရင်ကောင်းမလားဟု ချီတုံချတုံဖြစ်နေသော သူမသည်
တဟုန်ထိုး ထပြေးမိတော့၏။
တောင်းရဦးမည် မဟုတ်လား။ ရွှေရောင်တောက်နေခဲ့သော အနာဂတ်အိပ်မက်စရံအတွက် လျော်ကြေးနှစ်ဆ...။
မလှိမ့်တပတ်နှင့် လူလည်ကျသွားသော ဟိုလူလည်း ခပ်ဝေးဝေးရောက်နိုင်ဦးမည် မထင်။
မိန်းကလေးတွေ၏ အနာဂတ်အိပ်မက်ကို စရံယူထားပြီး ဂတိပျက်သည့်သူတွေ...၊ လက်လွတ်ခံလို့ မဖြစ်။
ပြေး.. ပြေး... မီအောင်လိုက်။
လမ်းမပေါ် သူမရောက်လာတော့ အေးစက်စက်မိုးရေများက ဖြုန်းကနဲသူမကို ရွှဲစိုသွားစေသည်။
ဟင့်အင်း။ မဟုတ်ဘူး။ ဒါ မိုးရေစက်တွေ မဟုတ်ဘူး။
အနာဂတ်အိပ်မက်ကို ဂတိမတည် အဖျက်သိမ်းခံရသူတွေရဲ့ မျက်ရည်တွေ...။
ထိုအခိုက် တစ်ကိုယ်လုံး မိုးရေတွေထဲ နစ်ဝင်တုန်ခိုက်နေသော
သူမကိုယ်လုံးလေးနှင့် ဆန့်ကျင်စွာ ပါးပြင်တစ်လျှောက်မှ ပူနွေးသောအထိအတွေ့က
ချော်ရည်စီးကြောင်းလို...။
မိုးကလည်း သည်းသည်းမည်းမည်း ရွာနေဆဲ...။
သူမကလည်း စရံလျော်ကြေးတစ်ခု တောင်းဆိုရန် လမ်းမပေါ်မှာပြေးနေဆဲ...။
ဝေ(စီးပွားရေးတက္ကသိုလ်)
December, 2012....ပေဖူးလွှာမဂ္ဂဇင်း
အိပ်မက် မက်ရဲကြသူများ
(၁)
သူ့အသက် (၂၄)နှစ်
အသက် ၁ဝနှစ်မှာ မတော်တဆမှုနဲ့ သူ့လက်၂ဖက် ဆုံးရှုံးသွားခဲ့တယ်။
အသက် ၁၂ နှစ်မှာ သူရေကူးစသင်တယ်။
အသက် ၁၆နှစ်မှာ သူစာရေးစသင်တယ်။
အသက် ၁၉နှစ်မှာ သူစန္ဒားယားစတီးသင်တယ်။ လက်မရှိတော့ စန္ဒားယားကို ခြေထောက်နဲ့ သူတီးသင်ခဲ့တယ်။ဆက်လျှောက်ပါ.. အနည်းဆုံးတော့ ငါ့မှာ လှပတဲ့ခြေတစ်စုံရှိသေးတယ်တဲ့...
လက်နှစ်ဖက် ဆုံးရှုံးသွားရတော့ ကျွန်တော့်ဘဝမှာ လမ်းနှစ်လမ်းပဲရှိခဲ့တယ်။ တစ်လမ်းက သေရင်သေ မသေရင် ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်နေဖို့ပါပဲ။ လုပ်ချင်တာကို ကျွန်တော်ဖြစ်အောင်လုပ်တယ်။ စန္ဒားယားကို လက်နဲ့ပဲတီးရမယ်လို့ ဘယ်သူမှ မသတ်မှတ်ခဲ့ပါဘူး.....လို့ သူက ပြောခဲ့ပါတယ်။ ဘဝကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်နိုင်သူ၊ လက်မရှိပေမယ့် ခြေထောက်နဲ့ ဘဝကိုရဲရဲရေးခဲ့သူဟာ ပထမအကြိမ် Talentပြိုင်ပွဲမှာ ပထမဆုကို ရခဲ့ရုံသာမက ခြေလက်အစုံရှိသူတွေကိုပါ ခွန်အားတွေပေးနိုင်ခဲ့ပါတယ်။(၂)
သူ့အသက်က (၁၈)နှစ်၊ သူ့မှာ တစ်ယောက်တည်းထီးထီးနေတဲ့ရောဂါရှိပြီး ဦးနှောက်လည်း သိပ်မဖွံ့ဖြိုးခဲ့ပါဘူး။ သူ့ဖေဖေကို "ဆရာ" လို့ သူခေါ်ခဲ့တယ်။ ဒိုင်လူကြီးတွေက ဘာဖြစ်လို့ အဖေကို ဆရာလို့ခေါ်သလဲမေးတော့ ကျွန်တော့်ကို ပညာတွေအများကြီး သူသင်ပေးလို့ပါတဲ့။ ပရိသတ်ကြိုက်တဲ့ ခုနှစ်၊ လ၊ ရက်ပြောလိုက်ရင် အဲဒီနေ့ဟာ တနလာင်္နေ့လား! အင်္ဂါနေ့လား! ဆိုတာကို တိတိကျကျ မှန်မှန်ကန်ကုန် ပြောတတ်သူဟာ အနုပညာကျောင်းကိုတက်ဖို့ ရည်မှန်းချက်ရှိတယ်လို့ ဆိုပါတယ်။ တယောကိုတစ်ဖက်ကဆွဲရင်း ခြေထောက်က ဒရမ်တီးရင်း သူကောင်းကောင်းဖြေဖျော်နိုင်ခဲ့တယ်။ Talentပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် ပရိသတ်နဲ့ဒိုင်လူကြီးရဲ့ အကြိုက်ဆုံးကတော့ သူရဲ့အပြုံးဖြစ်တယ်လို့ ဆိုပါတယ်။
(၃)
သူက အသက်(၅၅)နှစ်ရှိတဲ့ ဈေးသည်တစ်ဦးပါ။ ဈေးထဲမှာဈေးရောင်းရင်း ဘဝကိုရုန်းကန်နေသူဆိုပေမယ့် သူဟာအမြဲပြုံးရွှင်နေသူဖြစ်တယ်။ နေ့စဉ်ထိတွေ့နေတဲ့ ဟင်းသီး၊ ဟင်းရွက်၊ အသားငါးနာမည်တွေကို Luciano Pavarottiရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ထဲ စာသားတွေထည့်ပြီး သံမြင့်သူဆိုခဲ့တယ်။ ကိုယ်တိုင်အဆိုကျင့်၊ ကိုယ်တိုင်သီချင်းစပ်ပြီး ဈေးရောင်းရင်းနဲ့ ငယ်ငယ်လေးကတည်းက သီချင်းဆိုတာကိုနှစ်သက်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ သူ အောင်မြင်ခဲ့ပါတယ်.. ဒုတိယအကြိမ်မြောက် Talentပြိုင်ပွဲမှာ ဒုတိယဆုကို သူအောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
(၄)
သူက အသက်(၃ဝ)နှစ်ရှိတဲ့ ကျောင်းဆရာတစ်ဦးပါ။ ကျောင်းသား(၇၆)ယောက်ရှိတဲ့ တောရွာတစ်ရွာက ကျောင်းဆရာဖြစ်တယ်။ Talent ပြိုင်ပွဲကို သူဝင်ပြိုင်တာဟာ သူ့ကျောင်းသားတွေအတွက်ပါတဲ့။
"ငါ့ကို မီးတဆောင်ပေးပါ.... ဒီအေးစက်မှုကို နွေးထွေးဖို့
ငါ့ကို သတ္တိတချို့ပေးပါ......ဒီအမှောင်ကို ကျော်ဖြတ်ဖို့
ငါ့ကို ကြံ့ခိုင်မှုတချို့ပေးပါ...... ဒီလမ်းကို အဆုံးထိလျှောက်ဖို့
ငါ့ကို အိပ်မက်တချို့ပေးပါ..... ဒီလက်ရှိဘဝက ရုန်းထွက်ဖို့"
သူကိုယ်တိုင်ရေးဆိုတဲ့ သီချင်းထဲကစာသားလိုပဲ သူ့သီချင်းတွေကိုရောင်းပြီး ရောင်းရငွေနဲ့ သူ့ကျောင်းကကျောင်းသားတွေကို အာဟာရဖြစ်စေတဲ့ အသားငါးတွေ ပိုဝယ်ကျွေးချင်လို့ပါတဲ့။ သူဟာ အဲဒီကျောင်းမှာ ဘာလခမှမယူဘဲ ကျောင်းသားတွေကို အခမဲ့ပညာသင်ပေးနေသူဖြစ်တယ်။ Talentပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ဟာလည်း ဒီကျောင်းသားတွေအတွက်ပါလို့ သူပြောခဲ့ပါတယ်။
(၅)
သူ့အသက်က(၃၇)နှစ်ပါ။ သူဟာ ပန်းကန်ဆေး အလုပ်သမားတစ်ဦးဖြစ်တယ်။ တစ်နေ့ကို အလုပ်ချိန်(၁၂)ကြာမြင့်ပြီး ပန်းကန်အလုံးရေ ၆ထောင်က ၇ထောင်ကြားဆေးရသတဲ့။ သူ့စိတ်ကူးအိပ်မက်က အိမ်ကြီးကြီးတစ်လုံးဝယ်ဖို့ပါတဲ့။ သူဟာ စင်ပေါ်မှာ သူ့အလုပ်ကို သိမ်ငယ်စိတ်မရှိ ပရိသတ်တွေကို ပြောပြခဲ့တယ်။ Talentပြိုင်ပွဲမှာ သူဆုမရခဲ့ပေမယ့် သူ့ရဲ့ပျော်ပျော်နေတတ်တဲ့စိတ်က လူတိုင်းကိုကူးစက်ခဲ့ပါတယ်။
(၆)
သူက အသက်(၁၈)နှစ် တက္ကသိုလ်ကျောင်းသားတစ်ဦးပါ။ ငယ်ငယ်တုန်းက ကျောင်းသားတွေ အနိုင်ကျင့်တာကိုခံရလို့ အခန်းထောင့်မှာ ပုန်းနေတတ်သူဖြစ်တယ်။ ထီးထီးနေတတ်တဲ့ ရောဂါရှိပြီး သူ့မှာသူငယ်ချင်းတွေ မရှိပါဘူး။ ၁ဝနှစ်အရွယ်မှာ ကစားစရာတစ်ခုကို နှစ်သက်ရာကနေ သူ့ဘဝတစ်မျိုးတစ်ဖုံပြောင်းသွားခဲ့တယ်။ အဲဒီကစားစရာကိုပဲ သူဇွဲရှိရှိ အခုအသက်အရွယ်ထိ ကျင့်ခဲ့တယ်။ သူ့ရဲ့ဇွဲလုံ့လကြောင့်၊ ပရိသတ်ရဲ့အားပေးမှုကြောင့် သူဟာလူရာဝင်ခဲ့ပါတယ်။ တတိယအကြိမ်Talentပြိုင်ပွဲမှာ ဒုတိယဆုအပြင် ပရိသတ်အနှစ်သက်ဆုံးဆုကိုလည်း သူရခဲ့တယ်။
(၇)
သူတို့အသက်က (၆၅)နှစ်နဲ့(၅၅)နှစ်ပါ။ အက,ကတာကို သူတို့ဝါသနာပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်၊ စိတ်ဓာတ်ကျန်းမာရေးအတွက် အားလပ်ရက်တိုင်းမှာ အကကို သူတို့လေ့ကျင့်ရင်း Talentပြိုင်ပွဲကို ဝင်ရောက်လာခဲ့သူတွေဖြစ်တယ်။ သားသမီးတွေ ကန့်ကွက်တဲ့ကြားက၊ တားမြစ်တဲ့ကြားက သူတို့အိပ်မက်ကို သူတို့ရွက်လွှင့်ခဲ့ပါတယ်။ ဒီအသက်အရွယ်ထိ စင်ပေါ်ရောက်တဲ့အထိ သူတို့သွက်သွက်လက်လက် ကခုန်နိုင်တာဟာလဲ သူတို့ရဲ့ကြံ့ခိုင်တဲ့အိပ်မက်နဲ့၊ သူတို့ရဲ့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။
(၈)
သူက အသက်(၁၉)နှစ်အရွယ် လယ်သမားမိသားစုက ပေါက်ဖွားလာသူတစ်ဦးပါ။ မွေးကတည်းက ညာလက်ဖဝါး ပါမလာခဲ့ပါဘူး။ သူငယ်ရွယ်စဉ်မှာ ဒီလိုမပြည့်စုံခြင်းက သူ့ကိုသိမ်ငယ်စေခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာ အိပ်မက်တစ်ခုရှိခဲ့တယ်။ အဲဒီအိပ်မက်က စန္ဒားရားပညာသည်တစ်ဦးဖြစ်ဖို့ပါပဲ။
စန္ဒားရားက သူ့ဘဝကို ပြောင်းလဲခဲ့ပါတယ်၊ သူ့ကို ရှေ့ဆက်လျှောက်ဖို့ အားတွေပေးခဲ့ပါတယ်လို့ သူကပြောခဲ့တယ်။ Talentပြိုင်ပွဲကို သူဝင်ပြိုင်ပြီး မပြည့်စုံတဲ့လက်နှစ်ချောင်းနဲ့ ချိုသာတဲ့စန္ဒားရားသံကို သူတီးခတ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ဒိုင်လူကြီးက "သမီးရဲ့ကံမကောင်းခြင်း (လက်မရှိတဲ့ ကံမကောင်းခြင်း)ကို ပရိသတ်သိအောင် ပြောပြနိုင်မလား" လို့ဆိုတော့ သူကံမကောင်းဘူးလို့ ဘယ်တော့မှ မထင်ခဲ့ပါဘူးလို့ ပြန်ဖြေပါတယ်။ ဘုရားသခင်က သူ့ကိုအကောင်းဆုံးလက်တစ်စုံ ပေးခဲ့ပါတယ်တဲ့...
ဒါတွေက ကျွန်မအားလပ်ချိန် youtubeမှာ ကြည့်ဖြစ်ခဲ့တဲ့ ဗီဒီယိုကလစ်တချို့ပါ။ China's Got Talentက တင်ဆက်ခဲ့တဲ့ ဗီဒီယိုတချို့ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲက ကျွန်မကြိုက်နှစ်သက်တာတွေကို Facebookမှာ မျှဝေခဲ့ပါတယ်။ အဲဒီမှာ ကျွန်မ friend listထဲပါသူငယ်ချင်းတစ်ယောက်က ကျွန်မကို အသိပေးပါတယ်။ လူတွေ(မြန်မာတွေ)က ဒီတရုတ်ဆိုတဲ့စကားလုံးကို ဒီလောက်မျက်စိစပါးမွှေးစူးနေချိန်မှာ ဘာဖြစ်လို့ FBမှာ တရုတ်အစီအစဉ်ကို တင်နေရသေးသလဲတဲ့... စာရေးသူနဲ့စာဖတ်သူကြားမှာ ငြိုငြင်စရာတွေ ဖြစ်မှာစိုးလို့ပါတဲ့။
သူ့စေတနာကို ကျွန်မနားလည်ပါတယ်။ တရုတ်စာတွေကို ကျွန်မဘာသာပြန်ခဲ့တယ်ဆိုပေမယ့် ဘာသာပြန်တဲ့စာတွေထဲမှာ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေးတွေ မပါခဲ့ပါဘူး။ လူတွေကို ကျွန်မမျှဝေချင်တာက စိတ်ဓာတ်တစ်ခု၊ အင်အားတစ်ခု၊ ဖေးမကူညီမှုတစ်ခု၊ ကြံ့ခိုင်မှုတစ်ခု၊ ချစ်ခြင်းမေတ္တာ..တွေပါ။Talentပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ ကိုယ့်စိတ်ကူးအိပ်မက်ကို မလွတ်စတမ်းဆုပ်ကိုင်ပြီး ပြိုင်ပွဲတွေကို တစ်ခုပြီးတစ်ခုဖြတ်သန်း၊ ဒိုင်လူကြီးနဲ့ ပရိတ်သတ်ကပေးတဲ့ အမှတ်တွေကို တစ်ခုပြီးတစ်ခုရယူလို့ စတိတ်စင်သေးသေးလေးကနေ စတိတ်စင်စင်ကြီးကြီးအထိ တက်လှမ်းပြီး အောင်မြင်မှုတွေကို စွတ်ခူးခဲ့ကြတယ်။
ကျွန်မတို့လူတိုင်းမှာလည်း အိပ်မက်တွေရှိတယ်။ အိပ်မက်ကိုမလွတ်စတမ်း ဖမ်းဆုပ်နိုင်သူတွေရှိသလို၊ ရှေ့ဆက်လျှောက်တဲ့လမ်း ပျောက်နေသူတွေလည်း ရှိကြတယ်။ လမ်းတဝက်မှာ အားပြတ်နေသူတွေလည်းရှိသလို သူတစ်ပါး ပါးစပ်ဖျားမှာ အိပ်မက်ပျောက်သွားသူတွေလည်းရှိတယ်။ အဲဒီလမ်းပျောက်သူ၊ အားပြတ်သူတွေ လိုအပ်နေတာက အားပေးမှု၊ ဖေးမမှု၊ ကြံ့ခိုင်တဲ့စိတ်ဓာတ်ပါ။ အဲဒီခွန်အား၊ အဲဒီကြံ့ခိုင်မှုတွေက အောင်မြင်တဲ့ ဘဝစတိတ်စင်ပေါ်ကိုရောက်ဖို့ အခက်အခဲတွေကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ပေးနိုင်မယ်ဆိုခဲ့ရင် ...... ကျွန်မကို ဆက်မျှဝေခွင့်ပေးပါ....

Saturday, May 25, 2013
စိတ်ခံစားချက်ကို ထုပ်သိမ်းခြင်း
by နိုင်းနိုင်းစနေ
ညက အဝတ်ဘီရိုရှင်းဖြစ်တယ်။ ဆောင်းရာသီအတွက် အနွေးထည်တွေထုတ်ပြီး နွေဝတ်တွေကို သိမ်းထားလိုက်တယ်။ နွေဝတ်အဝတ်အစားတွေ တစ်ထည်ပြီးတစ်ထည် သိမ်းနေတုန်းမှာ စိတ်ခံစားချက်ရော သိမ်းထားလို့ မရနိုင်ဘူးလားလို့ ရုတ်တရက်စဉ်းစားလိုက်မိတယ်။
စိတ်ခံစားချက်ကို ဘယ်လိုသိမ်းဆည်းမလဲ? အင်္ကျီတွေတစ်ထည်ချင်းထပ်သလို စိတ်ခံစားချက်တွေကိုလည်း တစ်ခုချင်းထပ်ပြီး သီးသန့်အိတ်ထဲ သိမ်းထားလို့ရနိုင်မလား? တကယ်လို့ သိမ်းထားနိုင်ရင် အရမ်းကောင်းမယ်လို့ ထင်မိပါတယ်။
လိုအင်ဆန္ဒ၊ ပူပင်သောကများတဲ့လောကမှာ ရှင်သန်နေရတဲ့ကျွန်မတို့မှာလည်း နေ့စဉ်နေ့တိုင်း စိတ်ခံစားချက်မျိုးစုံ ဖြစ်ပျက်နေကြရတယ်။ အချစ်ရေးမှာဖြစ်ဖြစ်၊ အလုပ်အကိုင်မှာဖြစ်ဖြစ် စိတ်ခံစားချက်တွေက အမြဲတစေ တွယ်ကပ်နေပါတယ်။ အသိဉာဏ်ရှိသူတွေက ဒီခံစားချက်တွေကို ဖြည်တတ်တယ်။ စိတ်ခံစားချက်တွေဖြစ်လာတိုင်း အဲဒီခံစားချက်ကို လွှတ်ချလိုက်တတ်တယ်။ မြဲမြဲဆုပ်ကိုင် မထားတတ်ကြဘူး။ ဒီလိုလူတွေက ပျော်ရွှင်တဲ့သူဖြစ်တယ်။ ဒီလိုလူမျိုးက ရှားပါတယ်။ များသောအားဖြင့် လူတွေက ခံစားချက်နောက်လိုက်ပြီး စီးမျောတတ်တယ်။ ခံစားချက်ထဲ နစ်ဝင်တတ်ကြတယ်။
ခံစားချက်ကို လွှတ်ချလိုက်ဖို့ ကျွန်မတို့မလုပ်နိုင်ခဲ့ရင် သိမ်းဆည်းဖို့ကိုရော ကျွန်မတို့ဘာကြောင့်မလုပ်ခဲ့သလဲ? စိတ်ခံစားချက်ကို တစ်နေရာမှာ သိမ်းဆည်းထားလိုက်ရင် တခြားအရာတွေ တွေးခေါ်ဖို့အတွက် စိတ်မှာနေရာလွတ်တွေ ပိုရှိသွားနိုင်မယ် မဟုတ်လား!
စိတ်ခံစားချက်တွေကို သိမ်းဆည်းဖို့ ပထမဦးဆုံး ခံစားချက်ကို အရင်ရှင်းလင်းရလိမ့်မယ်။ အာရုံစိုက်ပြီး အတွင်းစိတ်ထဲကနေက တစ်ခုချင်းစီရှာရမယ်။ ဘာဖြစ်လို့ ဒီလိုခံစားချက်ဖြစ်ရသလဲ! ဘာကြောင့်လဲ! အဲဒီနောက် တစ်ခုချင်းစီထပ် ထုပ်သိမ်းပြီး မှတ်ဉာဏ်ရဲ့ထောင့်တစ်နေရာမှာ ထားထားလိုက်မယ်။ ပြီးတော့ အဲဒီခံစားချက်အထုပ်ကို တဖြေးဖြေးမေ့လျော့သွားဖို့ သင်ယူရမယ်။ ပစ္စည်းတစ်ခုခုကို ထောင့်တစ်နေရာမှာ သိမ်းထားမိပြီး မေ့သွားသလိုမျိုးပေါ့...
ပထမဦးဆုံး သင့်ကိုနာကျင်စေတဲ့ ခံစားချက်ကိုရှာပါ။ အဲဒီခံစားချက်က သင့်ကိုတစ်ချိန်တုန်းက မအိပ်နိုင်၊ မစားနိုင်၊ သေမလောက်အောင် ခံစားစေခဲ့တယ်။ အဲဒီနာကျင်စေတဲ့ ခံစားချက်ကိုတွေ့ပြီဆိုရင် သာသာလေးယူပြီး ဘာကြောင့် သင့်ကိုနာကျင်စေခဲ့သလဲလို့ ဆန်းစစ်ကြည့်ပါ။ အဲဒီနာကျင်မှုခံစားချက်ထဲမှာ သင့်ကို မေ့မရစေနိုင်တဲ့ နာကျင်မှု၊ တည့်တည့်တောင်မကြည့်ချင်တော့တဲ့ ခံစားချက်မျိုးပေးခဲ့ရင် အဲဒီခံစားချက်ကို ထုပ်သိမ်းလိုက်ပါ။ နောက်နောင်ဘယ်တော့မှ အဲဒီခံစားမှုကို သိမ်းဆည်းထားတဲ့နေရာဆီ ပြန်မလှပ်ကြည့်ဘူးလို့ ကိုယ့်ကိုယ်ကိုသတိပေးပါ။ အချိန်ကြာလာတာနဲ့အမျှ အဲဒီခံစားချက်ဟာ တဖြေးဖြေးပေါ့သွားပါလိမ့်မယ်။
နောက်ပြီး သင့်ကို စိတ်အားငယ်စေတဲ့၊ စိတ်ဓာတ်ကျစေတဲ့ ခံစားချက်ကိုရှာပါ။ အဲဒီခံစားချက်ကြောင့် သင်နလန်မထနိုင်ခဲ့ဘူး။ အလုပ်မှာဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာဖြစ်ဖြစ် သင်ခံစားခဲ့ရတယ်။ သင့်ရှေ့ဆက်မယ့်လမ်းကို ဝိုးတဝါးဖြစ်စေခဲ့တယ်။ အဲဒီခံစားချက်ကို ရှင်းလင်းပြီး ခံစားချက်သိမ်းတဲ့အိတ်ထဲ ထည့်လိုက်ပါ။ ခံစားချက်သိမ်းတဲ့အိတ်ကို လှန်ကြည့်ချင်တိုင်း မလှန်ကြည့်မိဖို့ ကိုယ့်ကိုယ်ကို သတိပေးရပါလိမ့်မယ်။
အဲဒီလို စိတ်ခံစားချက်တွေကို တစ်ခုချင်းစီထပ်၊ တစ်ခုချင်းစီထုပ်သိမ်းပြီး ထောင့်တစ်နေရာမှာ ထည့်ထားလိုက်မယ်၊ ဘယ်တော့မှ ပြန်မလှန်ကြည့်တော့ဘူး။ ဒီလိုဆိုရင် သင့်စိတ်မှာ နေရာလွတ်တွေ ပိုများလာတာကို သင်သတိထားမိလိမ့်မယ်။ လူတစ်ယောက်ဟာ စိတ်ထဲ ခံစားချက်အမျိုးမျိုးထည့်ထားလေ စိတ်ကကျဉ်းမြောင်းလေးပဲ မဟုတ်ပါလား!
ဒီစိတ်ခံစားချက်တွေကို အချိန်က တိုက်စားသွားပါစေ။ တိုက်စားလွန်းလို့ ဘာအရာမှ မကျန်တော့တဲ့အခါ သိမ်းထားတဲ့အိတ်ထဲက ခံစားချက်တွေကို ပြန်ဆန်းစစ်ကြည့်ပါ။ အရင်က ခံစားခဲ့ရသမျှ ခံစားချက်တွေက အခုအချိန်မှာ ရယ်စရာကောင်းနေပါလိမ့်မယ်။ အရင်က ဘယ်လောက်ပဲနာကျင်ခဲ့၊ စိတ်အားငယ်ခဲ့လည်း အခုချိန်မှာတော့ အဲဒီအရာတွေဟာ မပြောပလောက်တော့ပါဘူး။ တကယ်တော့ မျက်ရည်ဝဲတဲ့အကြည့်နဲ့ ဒီခံစားချက်တွေကို သင်ကြည့်ခဲ့ရင် သင့်ခံစားချက်တွေမှာလည်း မျက်ရည်တွေနဲ့ ပြည့်နှက်နေမယ်၊ တကယ်လို့ ပေါ့ပေါ့ပါးပါးကြည့်ခဲ့ရင် သင့်ခံစားချက်တွေက ပေါ့ပါးမယ်ဆိုတာကို သင်နားလည်သွားပါလိမ့်မယ်။
စိတ်ခံစားချက်ဖြစ်တာနဲ့ ချက်ချင်းလွှတ်ချလိုက်တတ်သူတွေက အသိဉာဏ်ရှိသူတွေဖြစ်တယ်။ သူတို့မှာ ပျော်ရွှင်တဲ့စိတ်နှလုံးတစ်စုံရှိတယ်။ ဒီလိုအသိဉာဏ်မျိုး ကျွန်မတို့မှာမရှိတဲ့အခါ ချက်ချင်းဖြစ် ချက်ချင်းမလွှတ်ချတတ်တဲ့အခါ ဒီခံစားချက်တွေကို အရင်သိမ်းဆည်းလိုက်မယ် ပြီးတော့ မေ့လျော့ပစ်မယ်။ ဒီလိုမှ ပျော်ရွှင်ခြင်းတွေကို ကျွန်မတို့အလွယ်တကူ ပြန်ရမှာဖြစ်တယ်။
ဘဝမှာ ရိုးရှင်းတာက တန်ဖိုးအရှိဆုံး၊ အကောင်းဆုံးပါ။ ရှုပ်နေတာတွေကို ရိုးရှင်းအောင် ချက်ချင်းမလုပ်နိုင်ခဲ့ရင် အရင်သိမ်းဆည်းတတ်အောင် သင်ယူရမှာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)