မိန်းမသားတစ်ယောက်၏ မာနနှင့်ဆန္ဒတို့ ပြင်းထန်စွာ လွန်ဆွဲအားပြိုင်ရာမှ ရင်တွင်းပေါက်ကွဲမှုတစ်ခု စတင်ခဲ့ခြင်းဖြစ်လေသည်။ နေရာတို င်းတွင်
ဆန္ဒများလွန်ကဲလွန်းလျှင် လောဘစိတ်နှင့် ပူလောင်ရသကဲ့သို့
မာနကြီးလွန်းလျှင်လည်း ဒေါသစိတ်တို့က လောင်မြိုက်နိုင် တတ်ကြောင်း....။ သူမ
ကောင်းကောင်းကြီး သိခဲ့ရပါပြီ။
ရှားရှားပါးပါး လူသိရှင်ကြား အောင်မြင်မှုတစ်ခုကို
ပွေ့ဖက်ထားလိုသော အပြင်းစားဆန်္ဒနှင့် လူမသိသူမသိ အစော်ကားခံရခြင်းအတွက်
ခံပြင်းလှသော ဒေါသမာနတို့ ဆုံစည်းရာ၌ သူမ၏ စိတ်နှလုံးအစုံမှ
သွေးစက်စက်ယိုကျလာကာ ခံစားမှုနယ်လွန်စိတ်အာရုံများ တစ်စစီလွင့်စင်
သွားတော့သည်။
“ ကိုယ့်လက်ထဲမှာ ဆုပ်ကိုင်မိပြီးသား အခွင့်အရေးတစ်ခုကို လွယ်လွယ်နဲ့ လွှတ်မချနိုင်တော့တာ အပြစ်လားချိုရယ်။
တို့ဘ၀တွေက အပြစ်တင်ချင်သပဆိုရင်လည်း၊ ဖြစ်ချင်ရာဖြစ် ဇွတ်နှစ်ရမယ့်အခြေအနေလေ။
ငါက နင့်လို မာနကြီးတစ်ခွဲသားနဲ့ နောက်ပြန်လှည့်ဖို့ဆိုတာကလည်း လမ်းမရှိတော့ဘူးမိချိုရဲ့။ ငါက ဖောင်ဖျက်ခဲ့ပြီးသား။
ငါ့ကို ခွင့်မလွှတ်ပါနဲ့တော့ဟာ...”
သူမရင်က တစစ်စစ်နာကျင်ရလွန်းသောအခါ နှုတ်ခမ်းသားတွေ အေးခဲစေးကပ်လာတော့၏။
သူငယ်ချင်းကို ပြောချင်နေသောစကားလုံးများက စိတ်ထဲမှာ ပလုံစီနေသော်လည်း နှုတ်ခမ်းများက ဆွံ့အပိတ်ဆို့နေသည်။
“ နှမြောလိုက်တာ... နှမြောလိုက်တာစိမ်းရယ်။ လက်လွှတ်လိုက်ရမယ့်
ငါးစာအကြီးကြီးထက် ငါးမျှားချိတ်မှာ တန်းလန်းပါသွားတော့မယ့်
နင့်ရဲ့စိတ်တွေကို နှမြောတယ်။
အဆိပ်ရည်လူးထားတဲ့ အခွင့်အရေးတစ်ခုကို လွယ်လွယ်နဲ့ လွှတ်မချနိုင်ရင်လည်း ခက်ခက်ခဲခဲ အားတင်းပြီး ကျောခိုင်းရမှာပဲ။
ဖဲမွေ့ရာပေါ်မှာ အဆိပ်သင့်နေမယ့်အစား မီးပင်လယ်ကိုခြေဗလာနဲ့ ဖြတ်ချင်ဖြတ်ရစေဦး။ ဇွဲနဘဲနဲ့ ကူးခပ်သင့်တာပဲ မဟုတ်လား။
သတိဝင်စမ်းပါ။ အသိရှိစမ်းပါသူငယ်ချင်းရယ်။
သူမစိတ်ထဲမှ အပြင်းအထန်အော်ဟစ်နေမိ၏။ အသံမထွက်သော ပေါက်ကွဲမှုမျိုးနှင့်....။
ရွှေရောင်တ၀င်းဝင်းလက်နေသော အနာဂါတ်အိပ်မက်ကို အစာလုပ်ပြီး
ဖုံးအုပ်ထားသည့် အတွင်းပိုင်းက အေးစက်စက်ချွန်မြမြ မြှားချိတ်ထိပ်ဖျားမှာ
ဝိညာဉ်နှုတ်မည့် အဆိပ်တွေလူးထားသည်ဆိုတာ...။ သူငယ်ချင်းမက မသိလေရော့သလား။
သိသိရက်နှင့်ပင် “ ငါ့ဝမ်းပူဆာ မနေသာ ” လေပြီလား။
အမှန်တော့ သူမစိတ်ထဲမှစကားများကို အစောပိုင်းကတည်းက စိမ်းကို
အထပ်ထပ်ပြောခဲ့ပြီးဖြစ်ပါသည်။ သို့ပေမယ့် စိမ်းက နောက်မဆုတ်နိုင်။
ရှေ့သာဆက်တိုးတော့မည်တဲ့။
အခန်းဖော်လေး၏ အကြောင်းပြချက်မျိုးစုံကို သူမကတော့ စာနာသော်လည်း လက်မခံနိုင်ခဲ့ပါ။
နွံထဲ ကျွံဝင်တော့မည့် ခြေလှမ်းတွေကို လက်ပိုက်ကြည့်နေနိုင်လောက်သည့်
ဥပက္ခာနှလုံးသားက သူမလို သူငယ်ချင်းကောင်း ပီသချင်သူထံမှာ
မရှိသင့်ဘူးမဟုတ်လား။
တကယ်ဆို နွံထဲကျွံမည့် ခြေတစ်လှမ်းကို လှမ်းဖို့ရွယ်ခဲ့မိတာကတော့ သူမတို့ သူငယ်ချင်းနှစ်ယောက် အတူတူရယ်ပါ။
အဲသည်တုန်းက နွံမှန်းမသိသေး။ ရွှေရောင်တ၀င်းဝင်းလက်နေသည့် အနာဂါတ်နောက်ကွယ်မှ အဆိပ်လူးမြှားချိတ်တို့က ရုပ်လုံးပေါ်မလာသေး။
သူမတို့လို လန်းဆတ်တက်ကြွသည့်အရွယ် ၀ါသနာရှင်မိန်းကလေးတွေ၏
မျှော်လင့်ချက်များစွာတို့ တိုးဝှေ့ဝဲပျံနေခဲ့သော အခန်းကျယ်ကြီးတစ်ခုထဲမှာ
စိမ်းခက်စိုးနှင့် သံသာချိုဆိုသည့် ပွင့်အာရန်အားယူဆဲ
ဖူးငုံနှစ်ပွင့်သည်လည်း အပြင်းစားဆန်္ဒတစ်စုံကို ပွေ့ပိုက်ကာ
တန်းစီနေခဲ့မိသည်ပေါ့။
အပြင်းစား ဆန္ဒတစ်စုံ...။
ဟုတ်သည်။ ထိုအပြင်းစားဆန္ဒတစ်စုံသည် ခုတော့ လောဘမီးအဖြစ်ပြောင်းလဲကာ စိမ်းကို အလျှံညီးညီးဝါးမြိုပေတော့မည်။
ထိုစဉ်က ချွေးစေးများဖြင့် စေးထန်းနေခဲ့သော စိမ်းလက်ကလေးတွေသည်
သူမ၏လက်ကို မလွှတ်ချင်လွှတ်ချင်နှင့် ဆန့်တငင်ငင် ထားရစ်ကာ စင်မြင့်ထက်မှ
မိုက်ကရိုဖုန်းဆီကို ခပ်တင်းတင်းပြောင်းဆုပ်ခဲ့လေ၏။
စိမ်းအသံလေးက နွဲ့နွဲ့ကလေးနှင့် ချစ်စရာကောင်းသည်။
စိတ်လှုပ်ရှားနေမှန်းသိသာစွာ မိုက်ကရိုဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားေ သာ လက်ကလေးတွေက အကြောထင်းထင်းလေးပင် ပေါ်နေသော်လည်း အသံကတော့ ညင်းညင်းညံ့ညံ့နှင့် တည်ငြိမ်လှ၏။
ဒါဟာ သူလျှောက်ချင်လှသည့် လမ်းဆိုတာကို သေချာပိုင်နိုင်နေသည့် ယုံကြည်မှုမျိုးနှင့်...။
စိမ်းအလှည့်ပြီးတော့ သူမအလှည့်...။
သူမက စိမ်းလောက် တုန်လှုပ်တတ်သူမဟုတ်လေတော့ ဇောချွေးလည်းမပြန်။
လက်ကြောလည်း မတင်း။ ပေါ့ပေါ့ပါးပါး၊ သွက်သွက်လက်လက် ခြေလှမ်းများနှင့်
ခပ်မြူးမြူးအနှစ်ပြည့်ပြည့် အသံအကြားမှာ အားလုံး၏အာရုံများက ငြိမ်သက်ကာ
စူးစိုက်ကျလာ၏။
မှင်တက်သည်ပဲပြောရမည်လား။ ၀င်စားသည်ပဲပြောရမည်လား။ နောက်တော့မှ လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ကျလာတော့သည်။
သူမရင်ထဲမှာတော့ ပီတိလှိုင်းဂယက်များ....။
နဂိုကတည်ငြိမ်နေသောရင်သည် ယခုမှပင် လှုပ်ရှားချင်လာသလိုလို...။
သည်လောက် ချီးမြှောက်မှုလေးကပင် ဒီလောက်မက်မောစရာ ကောင်းလှပါလျှင်...။
သူမတို့ အနာဂါတ်သည် သူမတို့ မျှော်လင့်အိပ်မက်နေသလိုများ ဖြစ်ခဲ့ပါလျှင်....။
အောင်မြင်ကျော်ကြားမှုသည် ငွေကြေးချမ်းသာမှုထက်ပင် သူမတို့လို ၀ါသနာရှင်များအတွက် မက်မောဖွယ် ဆွဲဆောင်နိုင်လှ၏။
နောက်ဆုံးတွင်တော့ လက်ရွေးစင်ငါးယောက်စာရင်း၌ စိမ်းရောသူမပါ ထိပ်ဆုံးမှ ပါဝင်ခွင့်ရခဲ့ပါသည်။
လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါ။ ၀ါသနာရှင် အယောက်ငါးဆယ်ကျော်မှသည် ဇကာတင်နှစ်ဆယ်။ ထိုမှ ဇကာ့ဇကာတင် တစ်ဆယ်။
နောက်ဆုံးမှ လက်ရွေးစင် ငါးယောက်။ ဤသို့ အဆင့်ဆင့်၊ ရင်တဖိုဖို အကြိတ်အနယ်ဖြတ်ကျော်ခဲ့ရပါ၏။
တစ်ဆင့်ထက်တစ်ဆင့် ပြိုင်ပွဲက အကြိတ်အနယ် ကြည့်ကောင်းလာလေ၊ လာအားပေးသည့် ပရိသတ်က ပိုများလာလေ။
တဖြေးဖြေး တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သတင်းပျံ့သွားလေရာ နောက်ဆုံးအဆင့်တွင် ခန်းလုံးပြည့်လျှံ လက်ခုပ်သံများ သောသောညံနေရတော့သည်။
ခုတော့ဖြင့် လောကဓံရှစ်ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော ချီးမွမ်းခံရခြင်းသည်လည်း ကြံ့ကြံ့မခံနိုင်ပါက
ဖြူစင်သောစိတ်ဓါတ်များကို ပျက်စီးဆုံးရှုံးစေတတ်ကြောင်း သူမ မျက်ဝါးဝါးထင်ထင် ကြုံရလေပြီ။
ထိုနေ့က သက်တန့်ရောင်တောက်ပနေသော ကောင်းကင်သည် သူမခြေရင်းသို့ ရုတ်တရက်ကြေမွကာ လွင့်ကျလာခဲ့၏။
“ ကယ်တင်ရှင် ” ဟု ကိုးကွယ်ချင်ခဲ့မိသော အမျိုးသမီးကြီးသည်
သူမ၏ရှေ့မှ သံပုရာရည်ခွက်ထဲသို့ ဘယ်အချိန်ကတည်းက ခုန်ဆင်းသွားမှန်း
မသိခဲ့လိုက်။
အအေးဆိုင်အတွင်းမှ နံရံများသည် ရုပ်ရှင်ထဲမှ အနှေးပြကွက်လို
သံဆူးချွန်များတပ်ဆင်ထားကာ သူမဆီသို့ တရွေ့ရွေ့ တိုးလာနေသလားဟုပင်
ကယောင်ကတမ်းစိတ်တို့က အတိမ်းတိမ်းအပွေပွေ။
“ အန်တီပြောတာ သမီး နားမရှင်းဘူးထင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စပွန်ဆာ..........”
“ ဟိုး... ဟိုး...”
သူမက ဖျတ်ခနဲ အမြန်လက်ကာယမ်းလျက် အမျိုးသမီးကြီး၏ နတ်ဆိုးကျိန်စာကို နောက်တစ်ခေါက် မမန်းမှုတ်နိုင်ရန် ဟန့်တားလိုက်ရ၏။
ဘယ်လောက်များ ယုတ်ညံ့လိုက်သည့် စကားမျိုးပါလိမ့်။
သည်လိုစော်ကားမှုမျိုးသည် တစ်ခေါက်လောက်မျှနှင့်ပင် သိတ်ကို အကျည်းတန်လွန်းလှပြီမဟုတ်လား။
“ ကျွန်မအတွက် စပွန်ဆာမလိုပါဘူးအန်တီ။ နောင်လည်း ဘယ်တော့မှ လိုမှာမဟုတ်ပါဘူး။
အန်တီ့မှာ သမီးမွေးထားရင်တော့ ကျွန်မတို့ထက်
မငယ်လောက်ဘူးထင်ပါတယ်။ မိန်းမပျိုလေးတစ်ယောက်အတွက် ဘယ်လိုအကူအညီမျိုးဟာ
ဝေဒနာဖြစ်နိုင်မယ်ဆိုတာ အန်တီသိသင့်တယ်လို့ ထင်တာပဲ...”
သူမရင်ထဲမှ အမှန်တကယ် ပေါက်ကွဲမှုနှုန်းအောက် စိတ်ကိုလျှော့ချကာ
ပြောခဲ့သည်ဆိုသော်လည်း သိတ်တော့ဖြင့် ယဉ်ကျေးဖွယ်ရာအသံမျိုး
ထွက်နိုင်ခဲ့မည်မထင်ပါ။
အမှန်လည်း ယဉ်ကျေးမှုရှိသယောင် ဆောင်ကာ ရွှေမှုန်ကျဲထားသော နောက်ချေးပုံထဲမှ နောက်ချေးပိုးထိုးတစ်ကောင်၏ရှေ့ တွင် သူမကရော အဘယ်မျှလောက် မွန်ရည်နိုင်ပါမည်နည်း။
အလစ်အငိုက်မိကာ ပြုတ်ကျသွားသော မင်းသမီးမျက်နှာဖုံးစွပ်ကို
ကမန်းကတမ်းကောက်စွပ်ကာ ဘီလူးမကြီးကတော့ ဘယ်လိုဆိုင်းမျိုးနှင့်
တပ်ပြန်ခေါက်သွားမှန်းပင် မသိလိုက်ပါ။
သူမရင်တွင်းမှာတော့ တစ်လောကလုံး အမှောင်တိုက်တွင်းသို့ ပြိုဆင်းနေခဲ့သည်မှာ အချိန်ကာလမဲ့မတတ်။
မှာယူထားသော စားသောက်ဖွယ်ရာများကို တစ်စက်မျှ မတို့ထိခဲ့ရသော်လည်း
ပြည့်ကျပ်တစ်ဆို့နေသော ရင်ခွင်ကိုပိုက်ကာ သူမ အဆောင်ကိုပြန်ရောက်လာတော့
အခန်းလေးထဲ၌ အမှောင်ထုပင်ကြီးစိုးနေခဲ့ပြီ။
ရောက်ရောက်ချင်း စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ
မျက်နှာထားခက်ထန်စွာနှင့် အိပ်ရာပေါ်တွင်ထောင်ထားသော ဂစ်တာကို ကောက်ကိုင်ကာ
ဂစ်တာကြိုးများပေါ်သို့သာ အညှိုးတကြီး ပြေးလွှားပေါက်ကွဲနေသော
သူမ၏လက်ချောင်းများကို စိမ်းက အကဲခတ်သလိုကြည့်နေခဲ့လေသည်။
“ အနုပညာတစ်ခုအပေါ် ငါတို့ရဲ့ရူးသွပ်ခုံမင်ခြင်းအတွ က် ရလဒ်က အစော်ကားခံရဖို့တဲ့လား။ ရက်စက်လိုက်ကြတဲ့ လူတွေကွာ။ အသည်းနှလုံးမှ ရှိကြသေးရဲ့လား....”
ဂစ်တာ၏ပေါက်ကွဲသံထက် မလျော့သော သူမ၏ရင်ကွဲသံက
အဆောင်ခန်းကျဉ်းလေးထဲမှ ဖိတ်အန်ကျကာ၊ ကော်ရစ်တာတစ်လျှောက်
ပျံ့နှံ့သွားပုံရ၏။ ဘေးခန်းမှထွက်ကြည့်သူကြည့်၊ အဆောင်ဘေးလမ်းကြားမှ
လှည့်ကြည့်သူကြည့်နှင့်...။ တီးတိုး ဝေဖန်ကုန်ကြသည်။
“ စိတ်လျှော့ပါချိုရယ်။ မြေနိမ့်ရာကိုမှ လှံစိုက်ချင်ကြတဲ့
ဒီလောကကြီးထဲမှာ စိုက်လာတဲ့လှံကိုသာ အမိအရဆွဲပြီး ပြန်ထနိုင်အောင်
အမြင့်ကိုတက်ဖို့ ကြိုးစားရအောင်ပါ။ ဒါဟာ တို့အတွက် စိန်ခေါ်မှုတစ်ခုပါ။
စိမ်းကတော့ စိန်ခေါ်ရင် ဘွာမခတ်စတမ်းပဲ...”
ဘုရားရေ...။ စိမ်းပြောလိုက်သည့်စကားက တစ်မျိုးကြီးပါလား။
စိမ်းမျက်နှာကို ထိတ်လန့်တကြားကြည့်လိုက်တော့ စိမ်း၏မျက်လုံးထဲတွင်
အန္တရာယ်အငွေ့အသက်တစ်စုံတစ်ရာကို သူမက ခဏချင်းမှာပင် ရှာတွေ့သွားခဲ့၏။
ရင်ထဲမှဒဏ်ရာကို လက်နှင့်လည်ချောင်းပေါင်းကာ ဖောက်ခွဲနေမိသော
သူမ၏လက်မောင်းကို စိမ်းက ခပ်ဖွဖွလာဆုပ်ကိုင်တော့
စိတ်ထဲမှာကျဉ်ကနဲဖြစ်သွားရလေသည် ။
ပြိုင်ပွဲစသည့်နေ့က သူမကို အားကိုးတကြီး
တင်းတင်းဆုပ်ကိုင်ထားခဲ့သော စိမ်း၏လက်ကလေးတွေသည် ခုတော့ ချွေးစေးတွေက
ခြောက်သွေ့သွားခဲ့ပြီလား။
“ အို.. ဒါဖြင့် နင့်ကိုလည်း သူတို့ မျှားခဲ့ပြီးပြီပေါ့...”
သူမ၏ ကယောင်ကတမ်းအမေး...။ စိမ်း၏ ခပ်လေးလေး ခေါင်းအညိတ်...။
သူမရင်ကိုထက်ခြမ်းခွဲကာ စိတ်ဓါတ်အင်အားများအားလုံး
မတ်မတ်ရပ်တည်မနေနိုင်လောက်အောင် နောက်ပြန်လဲကျသွားစေတော့သည်။
ရင်ကွဲပက်လက်မှ ချေမွခံလိုက်ရသော အိပ်မက်တစ်စုံပင် အဆစ်ပါလိုက်သေး၏။
“ နင့်အတွေးတွေမှားနေပြီ စိမ်း။ မြေနိမ့်ရာကိုမှ လှံစိုက်တာမျိုးကို
နောက်တစ်ခါ အစိုက်မခံရအောင် နိမ့်နေတဲ့မြေကိုသာ ဖို့ပြီး မြှင့်ပစ်ရမှာလေ။
စိုက်လာတဲ့လှံကို အမိအရဆွဲဖမ်းပြီး အားယူထလိုက်မယ်ဆိုရင် လှံသွားက
နင့်ရင်ဝထဲကို ပိုစိုက်ဝင်ပြီး သွေးချင်းချင်းရဲသွားမှာပေါ့ စိမ်းရဲ့...”
သူမက ဘယ်လိုပင်ကြိုးစား၍ နားလည်အောင်ပြောပြော စိမ်းပုံစံက နောက်ဆုတ်တော့မည့်ဟန် မပေါ်ပါ။
သူမ ဘယ်တုန်းကမှ တွေးထင်မထားခဲ့သော ပျော့ညံ့ညံ့မိန်းကလေးတစ်ယောက်၏ တလွဲမာနသည် အင်မတန်မှ ခေါင်းမာနေခဲ့လေသည်။
အမှန်တော့ မာနဆိုသည်ထက် ရုန်းမထွက်နိုင်သည့် အမှန်ဘ၀၏ ဆန္ဒများက ပိုဆိုးနေခဲ့ခြင်းဖြစ်လိမ့်မည် ထင်သည်။
“ ချိုရယ်... ရပြီးသားအခွင့်အရေးကို ငါမှ အဆုံးရှုံးမခံနိုင်တော့ဘဲ။
ငါ့အဖြစ်က ရှေ့တိုးလည်း တံပိုး၊ နောက်ဆုတ်လည်း လှည်းရိုးပါဟယ်။
သူတို့ပေးထားတဲ့ စရံငွေငါးသောင်းကိုလည်း ရွာက အမေ့ဆီ မောင်နဲ့ညီမအတွက်
ကျောင်းစရိတ်ဆိုပြီး ပို့ပြီးခဲ့ပြီ။ ပွဲနေ့ကျရင် ထပ်ပေးမယ့်
တစ်သိန်းခွဲကိုလည်း ပို့ပေးဦးမယ်လို့ အမေ့ကိုပြောလိုက်တော့
အကြွေးတွေဆပ်နိုင်ပြီလို့ ပြောရှာတဲ့ မုဆိုးမကြီးရဲ့
ဝမ်းသာဝမ်းနည်းသံကြီးကို ငါဘယ်လို ဥပက္ခာပြုရက်နိုင်မလဲ။
တို့တွေအဆင့်နဲ့ရော လေးညဖျော်ဖြေရုံနဲ့ နှစ်သိန်းဆိုတဲ့ငွေကို
ဘယ်လိုသွားရှာရမလဲ။ နင့်ဆုံးဖြတ်ချက်ကိုတော့ ငါလည်း အားကျပါရဲ့။
နင့်ကိုလည်း ငါ့လမ်းအတိုင်းလိုက်လျှောက်ဖို့ ငါ ဘယ်တော့မှ တိုက်တွန်းမှာ
မဟုတ်ဘူးချို။
ဆင်းရဲကြတာခြင်းတူပေမယ့် နင်က မိစုံဖစုံ။ ဒီနွံက ရုန်းနိုင်လောက်တဲ့ ခွန်အားရှိသေးတယ်။ ငါ့မှာက....”
ပြောနေရင်း တိမ်ဝင်တိုးသက်သွားသော စိမ်းအသံက သူမရင်ကို ထုတ်ချင်းခတ်စိုက်ဝင်သွား၏။
“ ငါ ဆုံးဖြတ်ချက် ချပြီးပြီချို။ ငါ့မောင်တွေညီမတွေအတွက် ငါ့ဘ၀ကို စတေးတော့မယ်လို့...။
ရွှံ့ဗွက်ဗလပွလမ်းမှာ ငါ့ခန္ဓာနဲ့ တံတားခင်းပေးလိုက်မှ
သူတို့ကလေးတွေ မျက်စေ့ပိတ်နားပိတ်နေတဲ့ ဘ၀ကနေ ကမ္ဘာကြီးနဲ့ ဆက်သွယ်နိုင်မယ့်
ကတ္တရာလမ်းပေါ်ကို ရောက်လာနိုင်မှာ။ ငါ့ကိုငါ စတေးလိုက်ရင်
ငါ့တစ်ဘ၀ပေါ့ချိုရယ်။
ငါ့တံတားပေါ်ကနေ မောင်ညီမသုံးယောက်နဲ့ ငါ့အမေ။ အဲဒီကတစ်ဆင့် သူတို့မျိုးဆက်တွေ...။ ငါတို့ရွာသားတွေ...”
စိမ်း၏ သူရဲကောင်းပုံပြင်ကို သူမ ဆက်နားထောင်ရန် ခွန်အားမရှိတော့ပါ။
စိမ်း၏ဘ၀အခြေအနေကို အတွင်းကျကျအသိဆုံးကလည်း သူမပေပဲမို့
အလွန်အားငယ်ကြောက်ရွံ့တတ်သော သူငယ်ချင်းမလေးက သည်လိုဆုံးဖြတ်ချက်မျိုးချရန်
ဘယ်လောက်အားတင်းခဲ့ရမလဲဆိုတာ သူမ စာနာနိုင်ပါလေ၏။
သွေးမတော်သားမစပ်၊ တစ်နယ်စီဆိုသော်လည်း ဘ၀ကို
သမရိုးကျအခြေအနေတစ်ခုမှ ရုန်းထွက်လိုသည့် ဆန္ဒချင်းတူခဲ့သော
သူမတို့နှစ်ယောက်သည် ဤအဆောင်အမိုးအောက်တွင် ရေစက်ဆုံကတည်းက ညီအစ်မအရင်းတမျှ
ချစ်ခင်တွယ်တာခဲ့ကြသည်။
ကြုံရာကျရာ အလုပ်ကလေးတွေမှာ စရိတ်ကာမိရုံ၊ ၀မ်းမီးကလေး
ငြိမ်းနိုင်ရုံ၊ ရုန်းကန်လှုပ်ရှားနေကြရင်း တူညီသော ၀ါသနာလေးကြောင့်
ဖက်ရှင်ရှိုးတစ်ခုအတွက် အဆိုပြိုင်ပွဲကို အတူတူဝင်ပြိုင်ခဲ့ကြ၏။
လူကြောက်တတ်သော စိမ်းကို စင်ပေါ်တက်ရန် အားအမျိုးမျိုးပေးခဲ့ရသော
သူမက ခုတော့ သူငယ်ချင်းကို စင်ပေါ်မှဆင်းလာစေဖို့
ဘယ်လိုဖျောင်းဖျရမည်မသိတော့။
သည်လိုစင်မျိုးပေါ်ကိုတော့ စိမ်းကို မတက်စေချင်ပါ။ စိမ်းမှသာမဟုတ်။ ဘယ်မိန်းကလေးကိုမှလည်း မတက်စေချင်ပါ။
မျှော်လင့်ထားပြီးသား ကိစ်္စဆိုသော်လည်း ထိုအရာက မိမိအတွက်အရှုံးဖြစ်နေသောအခါ မည်သူကများ ပြုံးပျော်နိုင်ပါမည်နည်း။
“ အခုလုပ်မဲ့ ဖက်ရှင်ရှိုးက တော်တော်လေး ခမ်းနားကြီးကျယ်တာမို့
နာမည်ကျော်အဆိုတော်တွေကိုပဲ သုံးဖို့ ကုပ္မဏီက စီစဉ်လိုက်လို့တဲ့။
ပြိုင်ပွဲမှာ ရွေးထားတဲ့သူတွေကို လူစုံအောင် အလှည့်မပေးနိုင်တော့ဘူးတဲ့...”
“ ဒါနဲ့ နေပါဦး။ အရွေးခံထားရတဲ့ ငါးယောက်စလုံးကို ပေးမဆိုတော့တာလား။ ကျွန်မတစ်ယောက်တည်းကို ပယ်တာလား...”
“ အဲဒါတော့ ကျွန်တော်လည်း မသိဘူးခင်ဗျ။ အန်တီလှိုင်ပြောခိုင်းတာကို လာပြောရတာပါ..”
“ လောလောဆယ် ဒီအဆောင်မှာ လာပြောရမှာက ကျွန်မတစ်ယောက်တည်းလား...”
“ ဟုတ်တယ်ဗျ။ ဒီအဆောင်မှာ အစ်မတစ်ယောက်ကိုပဲ ပြောခိုင်းတာ...”
ဒီလောက် အရိပ်ပြရင်တော့ သူမကလည်း အကောင်မြင်တတ်ပါပြီ။
စိမ်းရောသူမပါရှိသည့် ဒီအဆောင်မှာ အမျိုးသမီးကြီး၏ စပွန်ဆာဆက်သွယ်ပေးမှုကို ငြင်းဆန်လိုက်သည်က သူမတစ်ယောက်သာပဲ ရှိသည်ကိုး။
ဒါဖြင့် သူတို့အစီအစဉ်ကို ငြင်းပယ်သူအား သူတို့ကလည်း ဖယ်ထုတ်ပြီပေါ့။
မဖြစ်နိုင်မှန်းသိသော်လည်း အားလုံးကိုဖယ်ထုတ်ရလေ၊ မိန်းကလေးများ၏ အနာဂါတ်အတွက် ပိုကောင်းလေဟု သူမ တွေးနေဖြစ်၏။
သို့ပေမယ့် သူမလို ကျော်ကြားမှုကို စွန့်လွှတ်နိုင်မည့်သူ၊
မက်လုံးပေးမှုများစွာကို ကျောခိုင်းနိုင်မည့်သူ၊ မိန်းကလေးထဲက
ဘယ်နှယောက်များရှိမှာပါလိမ့်။
စပွန်ဆာပေးမည့်သူသည် အသက်ကြီးကြီး၊ အရုပ်ဆိုးဆိုး၊
ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူနှင့်အတူနေရမည့် တိုက်ခန်း၊
သူနှင့်ဆက်သွယ်ရန် ဖုန်း၊ သူ့ဆီက သဘောကျရင်ကျသလို ပေးကမ်းလာမည့်
လက်ဆောင်ပစ်္စည်းများ၊ စီးတော်ယာဉ် မော်တော်ကားများကိုပါ
အရုပ်ဆိုးအကျည်းတန်သည်ဟု သိမြင်နိုင်လာဖို့ မိန်းကလေးအားလုံးကို
အသိဥာဏ်ပြည့်စုံစေချင်လှသည်။
“ စရံငါးသောင်းကို အခု ပြန်ပေးလိုက်ရမှာလား...”
“ အော်.. ဒါကိုတော့ ဘာမှမပြောလိုက်ဘူးဗျ။ စရံဆိုတာ
အလုပ်မဖြစ်တော့ရင် သူတို့ဘက်က စဖျက်တာမို့ ထုံးစံအတိုင်းဆိုရင်တော့
ပြန်ပေးစရာမလိုတော့ပါဘူး...”
ထိုသူပြောကာမှ စရံပြန်ပေးစရာ ငွေမကျန်တော့သည်ကို အကြောင်းပြချက်ပေးခဲ့သော စိမ်းမျက်နှာလေးကို ဖျတ်ခနဲ မြင်ယောင်သွားရ၏။
စိမ်းက အဆိုပြိုင်ပွဲတွင် အရွေးခံရ၍ စရံငါးသောင်းရလာကတည်းက
အဆင်မပြေလှသည့် လုပ်လက်စအလုပ်ကို ချက်ချင်းထွက်ပစ်ခဲ့သူ...။ ဒါကြောင့်လည်း
ဖောင်ဖျက်ခဲ့ပြီဟု နောက်ကြောင်းပြန်မလှည့်ချင်ခဲ့။
စီးရီးထုတ်ပေးမည်ဆိုသော အပြောမှာလည်းအမျောကြီးမျောနေသူ. .။
အန်တီကြီး၏ ကယ်တင်ရှင်ယောင်ယောင် ဟန်ဆောင်အပြုံးအောက်မှာ အမှန်မမြင်နိုင်လောက်အောင် လောဘအမှောင် ဖုံးနေသူ...။
အမှန်တကယ်လည်း သည်လိုမျိုးလမ်းကြောင်းမှ တက်သွားသူတွေက
ရှိခဲ့သည်ပဲကိုး။ ခုလိုအကြံအဖန် ငခုံးမတစ်ကောင်ကြောင့် သူမတို့ချစ်သော
အနုပညာလောကမှာ အပုပ်နံ့ထွက်ရသည်မှာ အသည်းနာစရာကောင်းလှသည်။
တကယ်တော့ မောင်လေး၊ ညီမလေးတို့အတွက် အနာဂတ်မျှော်လင့်ချက်သည်
စိမ်း၏ အပြင်းစားဆန်္ဒအဖြစ်မှ လောဘအသွင် ပြောင်းသွားခြင်းဖြစ်လိမ့်မည် ထင်၏။
သူမကတော့ သေတ္တာထဲတွင် တစ်ရွက်မလျော့ သိမ်းထားဆဲဖြစ်သော
မသုံးဖြစ်သေးသည့် စရံငွေလေးတွေက စပွန်ဆာ ကမ်းလှမ်းမှုကို ငြင်းချက်ထုတ်ဖို့
ခွန်အားများဖြစ်ခဲ့သည်လားမသိ။
ဒါဖြင့် စရံပြန်ပေးစရာမလိုတော့လျှင် စိမ်းအနေဖြင့် ငြင်းလို့ရသွားပြီပေါ့။
ရုတ်တရက် သူမ လှိုက်ကနဲ ၀မ်းသာသွားသော်လည်း ပျော်ရွှင်မှုက
ကြာကြာမခံပါ။ စိမ်းကို အချည်နှောင်ခံနေရသည့် စရံက တစ်ခုတည်းမှ မဟုတ်ဘဲ။
စရံဆိုသည်က လက်ခံသူဘက်က ပျက်ကွက်ခြင်းမဟုတ်လျှင်
လျော်စရာမလိုသော်လည်း လက်ခံယူထားသူက စတင်ငြင်းဆို ပျက်ကွက်ပါက စရံ၏နှစ်ဆ
ပြန်လျော်ပေးရသည်ဟု သူမကြားဖူးခဲ့သည်လေ။
သူမက အန်တီကြီး၏ စပွန်ဆာလက်ဆောင်ကိုသာ ငြင်းဆိုခဲ့သော်လည်း
သီချင်းဆိုမည့်အစီိအစဉ်ကို စဖျက်ခဲ့သူ မဟုတ်။ သည်တော့ စရံပြန်ပေးရန် မလို။
သို့သော် သူမ၏ စိတ်ကူးအိပ်မက်ထဲတွင် နှလုံးသားနှင့်
စရံသတ်ထားပြီးသော ရွှေရောင်အနာဂတ်ကို သူမကမငြင်းဆန်ပါဘဲနှင့် သူတို့က
စတင်ဖျက်ပစ်ခဲ့သည်လေ။ ဒါဖြင့် စရံနှစ်ဆ အလျော်ရရန် သူမ
မည်သူ့ဆီကတောင်းရမည်နည်း။
ခုနက နတ်ဆိုးမကြီး၏ တမန်တော်ကို ဖျတ်ခနဲသတိရသွားသည့်အခိုက်မှာေ တာ့
သေတ္တာထဲမှ စရံငွေကိုကိုင်ကြည့်ရင်း မသတီလှသော သည်လိုငွေမျိုးကို
မာနကြီးကြီးဖြင့် ပြန်ပေးလိုက်ရင်ကောင်းမလားဟု ချီတုံချတုံဖြစ်နေသော သူမသည်
တဟုန်ထိုး ထပြေးမိတော့၏။
တောင်းရဦးမည် မဟုတ်လား။ ရွှေရောင်တောက်နေခဲ့သော အနာဂတ်အိပ်မက်စရံအတွက် လျော်ကြေးနှစ်ဆ...။
မလှိမ့်တပတ်နှင့် လူလည်ကျသွားသော ဟိုလူလည်း ခပ်ဝေးဝေးရောက်နိုင်ဦးမည် မထင်။
မိန်းကလေးတွေ၏ အနာဂတ်အိပ်မက်ကို စရံယူထားပြီး ဂတိပျက်သည့်သူတွေ...၊ လက်လွတ်ခံလို့ မဖြစ်။
ပြေး.. ပြေး... မီအောင်လိုက်။
လမ်းမပေါ် သူမရောက်လာတော့ အေးစက်စက်မိုးရေများက ဖြုန်းကနဲသူမကို ရွှဲစိုသွားစေသည်။
ဟင့်အင်း။ မဟုတ်ဘူး။ ဒါ မိုးရေစက်တွေ မဟုတ်ဘူး။
အနာဂတ်အိပ်မက်ကို ဂတိမတည် အဖျက်သိမ်းခံရသူတွေရဲ့ မျက်ရည်တွေ...။
ထိုအခိုက် တစ်ကိုယ်လုံး မိုးရေတွေထဲ နစ်ဝင်တုန်ခိုက်နေသော
သူမကိုယ်လုံးလေးနှင့် ဆန့်ကျင်စွာ ပါးပြင်တစ်လျှောက်မှ ပူနွေးသောအထိအတွေ့က
ချော်ရည်စီးကြောင်းလို...။
မိုးကလည်း သည်းသည်းမည်းမည်း ရွာနေဆဲ...။
သူမကလည်း စရံလျော်ကြေးတစ်ခု တောင်းဆိုရန် လမ်းမပေါ်မှာပြေးနေဆဲ...။
ဝေ(စီးပွားရေးတက္ကသိုလ်)
December, 2012....ပေဖူးလွှာမဂ္ဂဇင်း
No comments:
Post a Comment