အချိန်အများစုမှာ ကိုယ်တို့ဟာ ပြဿနာတစ်ခု ရှိလာတဲ့အထိ၊ အခြေအနေ
အဆိုးဆုံးရောက်တဲ့အထိ၊ ဒါမှမဟုတ် ဒုက္ခတွေ့တဲ့အထိ ဘာမှ မလှုပ်ရှား
မလုပ်ကိုင်တတ်ကြပါဘူး။ ပြောရရင် ကြိုတင်ပြင်ဆင် လုပ်ကိုင်တယ်ဆိုတာ
မရှိသလောက်ပါပဲ။
ဥပမာ၊ မင်းက ကျောင်းအသင်းအတွက် ဘတ်စကက်ဘော ကစားတယ်။ အလွတ်ပစ်သွင်းရတဲ့
ဘောလုံးတွေကို မင်းက အမြဲလွဲတယ်။ ဘယ်တော့မှ ဂိုးမ၀င်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ မင်းက ဘယ်တုန်းကမှ မလေ့ကျင့်ဘူးလေ။ အဲ … တစ်ညတော့ မင်း
ပွဲကြီးပွဲကောင်း ကစားရရော။ မင်းအသင်းက ပြိုင်ဘက်အသင်းထက်
တစ်မှတ်လျော့နေတယ်။ ပွဲကလည်း ပြီးဖို့ တစ်စက္ကန့်ပဲ လိုတော့တယ်။
အဲဒီအချိန်မှာ မင်းက အလွတ်ပစ်သွင်းခွင့် နှစ်လုံး သွင်းခွင့်ရနေတယ်။
အရာအားလုံးက မင်းအပေါ်တည်နေပြီ။ နှစ်လုံးလုံးဝင်ရင် နှစ်မှတ်ရပြီး
မင်းတို့အသင်း နိုင်မယ်။ ဘာဖြစ်မလဲ။
နှစ်လုံးလုံး မင်း လွဲသွားတယ်။ မင်းလည်း သေချင်သွားရော။
ဒါပေမယ့် မင်း သွင်းလိုက်တဲ့ ဘောလုံးနှစ်လုံးက သံကွင်းထဲကို မ၀င်ဘဲ
နောက်က ဘုတ်ပြားကိုမှန်ပြီး ပြန်ထွက်လာချိန်မှာ မင်းဟာ စီမံချက်တစ်ခုကို
အသေအချာ ဆွဲလိုက်နိုင်တယ်။ ဘာလဲဆိုတော့ ညတိုင်း အလုံး ၂၀၀ ပစ်သွင်းပြီး
လေ့ကျင့်ဖို့ပဲ။ လေ့ကျင့်မှုကာလကိုလည်း သုံးလသတ်မှတ်လိုက်တယ်။ မင်းရဲ့
ဂိုးသွင်းလက်ရည် ကောင်းသထက် ကောင်းလာတယ်။ မကြာခင်မှာပဲ မင်းဟာ အသင်းမှာ
အကောင်းဆုံး ဂိုးသွင်းသူ၊ လက်အတည့်ဆုံး ဘတ်စကက်ဘောသမား ဖြစ်လာပါတယ်။
ဒါ ဘာကြောင့်လဲ။ မင်းမှာ ပြဿနာ ရှိလာလို့ပဲပေါ့။
ဥပမာ၊ မင်းရဲ့ သင်္ချာရမှတ်တွေက သိပ်ညံ့နေတယ်။ အစမ်းစာမေးပွဲ သုံးခုလုံးကျတယ်။ ဆရာမက လာပြောပြီ။
“နောက်တစ်ကြိမ်မှာ ထပ်ကျလို့ကတော့ နောက်နှစ်လည်း ဒီအတန်းမှာ ပြန်နေရမယ်” တဲ့။
ကဲ၊ မင်းမှာ ပြဿနာရှိလာပြီ။
ချက်ချင်းလုပ်မှ ဖြစ်တော့မယ်။ ဒီတော့ သူငယ်ချင်းတစ်ယောက်ကို
အကူအညီတောင်းတယ်၊ သူက မင်းကို တစ်ပတ် နှစ်ရက် သင်္ချာပြပေးတယ်။
ကိုယ့်ဟာကိုယ်လည်း လေ့လာတယ်၊ တွက်တယ်။ မကြာပါဘူး။ အစမ်းစာမေးပွဲတိုင်း
အောင်တယ်။
ကဲ မင်း ဘာတွေ့လဲ။ တော်ဖို့၊ အစမ်းစာမေးပွဲအောင်ဖို့က မခက်ဘူးဆိုတာ တွေ့ပြီမဟုတ်လား။
ဒီလို မင်းဖြစ်လာတာ ဘာကြောင့်လဲ။ မင်းမှာ ပြဿနာရှိလာလို့ပဲပေါ့။
ဘ၀ခရီးကိုလည်း ဒီလိုပဲ သွားနေကြတာပါပဲ။
ပြဿနာတစ်ခုဟာ စိုးရိမ်ဖွယ်ရာ မဖြစ်သရွေ့ကိုယ်တို့က အေးအေးဆေးဆေးပဲလေ။
နောက်ဆုံး မဖြစ်မနေ လုပ်ရမယ်ဆိုမှ အသည်းအသန် ကြိုးစား၊ ဒီလိုနဲ့
ပြဿနာမရှိခင်ကထက် ကိုယ်တို့ရဲ့ အရည်အသွေးတွေ၊ စွမ်းရည်တွေ ပိုကောင်းလာရတာပဲ
မဟုတ်လား။
အောင်မြင်မှုကနေ ကိုယ်တို့ အသိတရားရတာထက် ဒုက္ခတွေကနေ အသိပညာရတာက
ပိုပါတယ်။ ဒုက္ခတွေဟာ ကိုယ်တို့ကို သတိရှိစေ၊ အသိရှိစေတဲ့ အရာတွေပါပဲ။ ကဲ
လှုပ်ရှားကြစို့။
တိုတိုပြောရရင်
ပြဿနာတွေဟာ ထင်သလောက် မဆိုးကြပါဘူး။
ဒါ သေချာပေါက်ပဲ။
( Being A Happy Teenager by Andrew Matthews ကို ဘုန်းခေါင် မြန်မာပြန်သော ဆယ်ကျော်သက်တွင် ပျော်ပျော်ရွှင်ရွှင် စာအုပ်မှ – )
No comments:
Post a Comment